စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ရေး တင်းမာလာတာကြောင့် ခရီးသွားတွေအနေနဲ့ မြိတ်-တနင်္သာရီ-ဘုတ်ပြင်းနဲ့ ညောင်ပင်ကွင်းကားလမ်းကို ညဘက် မသုံးဖို့ တားမြစ်ထားပြီး လုံခြုံရေးအရ အနီရောင်အဆင့်သတ်မှတ်လိုက်တယ်လို့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ဇွန် ၃၀ ရက်မှာ ထုတ်ထားပါတယ်။
စစ်တပ်က လက်နက်နဲ့ အင်အားဖြည့်တင်းကာ ကျေးရွာတွေကို စစ်ကြောင်းထိုးတာ ရှိလာသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "စစ်တပ်က အင်းအား တိုးချဲ့ထားတယ်။ တိုက်ပွဲတွေလည်း အခုထိ ပြင်းထန်နေတုန်း” လို့ ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေကလည်း လိုအပ်တဲ့ စစ်ရေးပြင်ဆင်တာတွေ လုပ်နေတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေဲ့ မြို့ပေါ်က ဌာနဆိုင်ရာနေရာတွေကို မသွားဖို့နဲ့ စစ်ယာဉ်တန်းသွားတဲ့ နေရာတွေကို မသွားဖို့၊ လမ်းပေါ်ဖြတ်သန်းသွားတဲ့ ယာဉ်တွေအနေနဲ့ မှန်တံခါးချမောင်းဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်ဆိုတဲ့ တနင်္သာရီမြိုနယ်မှာတော့ လက်ရှိ စစ်ရှောင် ၅၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
တနင်္သာရီမြို့နယ် ဇလုံးရွာက ဆယ်တန်းကျောင်းသူ တဦး စစ်တပ် လက်နက်ကြီး ထိမှန်ခဲ့တယ်လို့ ဒေသခံ PDF နဲ့ ရွာခံတွေက ပြောပါတယ်။
ဇူလိုင် ၁ ရက် နေ့လယ် ၂ နာရီလောက် တနင်္သာရီအခြေစိုက် ၃၀၆ အမြောက်တပ်က အရှေ့မော်တုံး ကျေးရွာနဲ့ ဇလုံးတောင်ခြေဖက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ရာကနေ အဲဒီရွာကို လက်နက်ကြီး ကျခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီး ကျည်ထိမှန်သူ အသက် ၁၈ နှစ်အရွယ် မမိုးပြည်လှိုင်ကို စစ်တပ်က တနင်္သာရီ ဆေးရုံက တဆင့် မြိတ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"မြိတ်စစ်တပ်ဆေးရုံမှာလို့ ပြောတယ်။ သွေးတွေ အမြဲသွင်းနေရတယ်။ စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိတယ်။”
အဲဒီကျေးရွာမှာ တိုက်ပွဲဖြစ်တာ မရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်တာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။