Home
မြန်မာသတင်း
တက္ကဆီငှားခ မီတာဖြင့်ကောက်ခံရမည့်ကိစ္စ ယာဉ်မောင်းများ မသိသေး
DVB
·
July 2, 2023
347410069_10159525916857913_1732960554995055242_n

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ တက္ကစီ ယာဉ်ငှားခ နှုန်းထားတွေကို ကီလိုမီတာစနစ်နဲ့ တပြေးညီသတ်မှတ်လိုက်ရာမှာ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ကြေညာထားပေမယ့် အငှားယာဉ်မောင်းတော်တော်များများမသိသေးဘူးလို့ သိရပါတယ်။

ဇွန်လ နောက်ဆုံးပတ်က စတင်သတ်မှတ်လိုက်တဲ့ City Taxi ယာဉ်စီးခ နှုန်းထားတွေကို ကားပေါ်စတက်တက်ချင်း ၁၅၀၀ ကျပ် တစ်ကီလိုသွားတိုင်း ၆၀၀ ကျပ် စနစ်နဲ့ တပြေးညီ သတ်မှတ်လိုက်တာဖြစ်ပေမယ့် လက်ရှိအချိန်အထိ အဲ့ဒီလို မီတာတပ်ဆင်ရမှာနဲ့ ဘယ်နေရာမှာ သွားရောက်တပ်ဆင်ရမှာတွေကို ယာဉ်မောင်းတွေ မသိရှိကြသေးတာဖြစ်ပါတယ်။

“သူတို့ ဘာတွေပြောထားတာလဲ မသိဘူး။ မီတာတွေရော လီတာတွေရော ဘာမှနားမလည်ဘူး။ မီတာတပ်ရမယ်တဲ့ ဘယ်မီတာကို တပ်ရမှာလဲ၊ ဘယ်မှာသွားတပ်ရမှာလဲ။ လက်ရှိအချိန်ထိ နဂိုအတိုင်း ခရီးအကွာအဝေးပေါ်မူတည်ပြီး စီးခတောင်းနေတုန်းပဲ” လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။

YRTC အနေနဲ့ သတ်မှတ်ချက်ကို လိုက်နာခြင်းမရှိတဲ့ ယာဉ်မောင်းတွေ နောက်ပိုင်းကာလတွေမှာ အရေးယူခံရနိုင်ပြီး လတ်တလောမှာတော့ ဇွန်လအတွင်း သတ်မှတ်လိုက်တဲ့ ကီလိုမီတာစနစ်နဲ့ ပေးချေတဲ့ တက္ကစီခနှုန်းထား တပြေးညီပြုလုပ်တာကို ယာဉ်မောင်းနှင်သူတွေ လိုက်နာကျင့်သုံးဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

မီတာတပ်ဆင်ဖို့ညွှန်ကြားထားတာဟာ ဈေးနှုန်း အဆမတန်တောင်းခံမှု မရှိစေဖို့အတွက် အငှားယာဉ်မောင်းတွေနဲ့ Application နဲ့ငှားရမ်းတဲ့ ကုမ္ပဏီတွေထံကိုရော မေတ္တာရပ်ခံထားပြီး လက်ရှိကာလဟာ စည်းရုံးရေးကာလဖြစ်တယ်လို့ YRTC အတွင်းရေးမှူးက ပြောဆိုထားပါတယ်။

ရန်ကုန်မှာ ဖေဖော်ဝါရီအထိ တက္ကဆီ ၆ သောင်းကျော် မှတ်ပုံတင်ထားပြီး၊ နေ့စဉ် အစီးရေ ၃၅၀ လောက် မှတ်ပုံတင်နေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးနဲ့ညွှန်ကြားမှု ဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024