ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်နဲ့ ကျောက်စိမ်းတွင်းရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသကိုသွားရင် ကျော်ဖြတ်ရတဲ့ ယာဥ်ရပ်နားရာနေရာ လဝါးကျေးရွာ ထမင်းဆိုင်တန်းတွေအနီးက ဒေသထွက် အသားငါးတွေဟာ ဓာတုဆေးဝါးသုံးစွဲမှု မရှိသလောက် နည်းတာမို့ ခရီးသည်တွေက အိမ်ပြန်လက်ဆောင်အဖြစ် ရောင်းပန်းလှ ရောင်းကောင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ခရီးသည်တဦးက “ဒီမှာက ဆေးတွေမသုံးဘူးလေ။ ကြပ်တိုက်ငါးတွေ၊ အသားတွေက ဓာတုဆေး များလွန်းတဲ့ မြို့ပေါ်က အသားငါးလို မဟုတ်တော့ ဘေးဥပါဒ်ပိုကင်းလို့ ဖြတ်တိုင်းဝယ်ဖြစ်တယ်” လို့ ပြောပါတယ်။
ကားမိုင်းချောင်းက ငါးရယ်၊ မဂျီဘွမ်က ငါးရယ်က နာမည်ကြီးပါတယ်။ ဂျီသား၊ ဆတ်သား၊ တောဝက်သား၊ ပျားရည်တွေ တိုင်းရင်းဆေးမြစ်နဲ့ ကျောက်ပျားရည်တွေကိုလည်း တွေ့နိုင်ပါတယ်။
စျေးသည်တဦးက “တောထဲကရလာရင် ဒီစျေးဆိုင်တွေမှာ လာရောင်းသွင်းကြတာပါ။ ဆတ်သားခြောက်က တပိဿာကျပ် ၅၀,၀၀၀၊ ငါးက ကားမိုင်းငါးကောင်အလတ်လေးတွေဆိုရင် တပိဿာ ၅၀,၀၀၀၊ မဂျီဘွမ်ငါးဆို ၈၀,၀၀၀ စျေးရောင်းပါတယ်” လို့ ပြောပါတယ်။
နာမည်ကြီး တနိုင်းငပိကောင်သိပ်ထားတဲ့ ကျည်တောက်တွေက တဘူး ကျပ် ၇,၀၀၀ ရောင်းပြီး ပျားရည်လီတာဝက်ဘူးကတော့ ကျပ် ၁၀,၀၀၀ ကျသင့်ကာ တနှစ်တခါပဲဖွပ်တဲ့ ကျောက်ပျားရည်တွေလို့လည်း ဆိုပါတယ်။ ရာသီပေါ် ကနစိုးသီးတွေကိုလည်း တစည်း ၁,၀၀၀ ကျပ်နဲ့ ရောင်းချနေကြပါတယ်။
ယင်မနားဆေးတွေ မသုံးတာကြောင့် ယင်ကောင်တွေ ဝဲနေတတ်ကြတာကို တွေ့ရလေ့ရှိပါတယ်။
တနိုင်းရွှေမှော်နဲ့ ပယင်းမှော်ထဲက ပြန်လာသူတွေ၊ ရှင်ဘွေယန် နန်းယွန်း ပန်ဆောင်ဘက်က ခရီးသွားတွေနဲ့ ဖားကန့် ဆိုင်းတောင်ဘက်က ဆင်းလာတဲ့ ခရီးသည်တွေအတွက် လဝါးဒေသထွက် အသားငါးတွေက အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူလေ့ရှိကြတာဖြစ်ပါတယ်။