ဖမ်းဆီးထိန်းသိမ်းခံထားတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုဟာ မျက်စိ နှစ်ဖက်လုံး တိမ်စွဲသွားခဲ့ပြီး အခုအခါမှာတော့ ရန်ကုန်မြို့မှာ မျက်စိ ခွဲစိတ်ကုသပြီးစီးခဲ့ပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။
စစ်ကောင်စီက ဦးညီပုကို ရန်ကုန်မြို့ မျက်စိအထူးကုဆေးရုံမှာ မေ ၂၅ ရက်မှာ ဘယ်ဘက်မျက်လုံးကို လည်းကောင်း၊ ဇွန် ၁၆ ရက်မှာ ညာဘက်မျက်လုံးကို လည်းကောင်း ခွဲစိတ်ကုသပေးခဲ့တယ်လို့ သိရပါတယ်။
မိသားစုဝင် တဦးက "အစကတော့ ဘယ်ဘက် တလုံးပဲ တိမ်စွဲနေတာ။ အခု ညာဘက်မျက်လုံးပါ တိမ်စွဲလာတာကြောင့် ခွဲစိတ်ကုသပေးခဲ့တာလို့ သိရတယ်။ ဘယ်ဘက်မျက်လုံးက တိမ်စွဲနေတာ ကြာပြီဖြစ်တဲ့အတွက် အမြင်အာရုံတွေက ဝါးနေသေးတယ်လို့ သိရတယ်။ ညာဘက် မျက်လုံးကတော့ အဆင်ပြေတယ်" လို့ ဆိုပါတယ်။
ဦးညီပုကို မျက်စိခွဲစိတ်ဖို့ မေလမှာပင် စစ်တွေအကျဉ်းထောင်ကနေ ရန်ကုန် အင်းစိန် အကျဉ်းထောင်ကို ရွှေပြောင်းခဲ့တာပါ။
မျက်စိခွဲစိတ်တဲ့ နေ့တွေမှာ ဦးညီပုနဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက တွေ့ဆုံခွင့်တွေ ပေးခဲ့တယ်လို့ မိသားစုဝင်က ပြောပါတယ်။
မျက်စိခွဲစိတ်ပြီးနောက် ဦးညီပုကို စစ်တွေအကျဉ်းထောင်ကို ရွှေ့ပြောင်းမှာလား၊ အင်းစိန်းအကျဉ်းထောင်မှာပဲ ဆက်လက်ထိန်းသိမ်းထားလား ဆိုတာကိုတော့ မသိရသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ဦးညီပုဟာ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်နေတဲ့ ၂၀၁၈ ခုနှစ်ကတည်းက ဘယ်ဘက်မျက်စိမှာ တိမ်စွဲနေတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရကာ ဆေးကုသခွင့်ရရှိဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ ၂ နှစ်ကျော်ကြာမှ ဆေးကုသခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဦးညီပုကို နိုင်ငံတော်ကြည်ညိုပျက်စေမှု ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၃ မှုအတွက် ထောင်ဒဏ် ၉ နှစ်နဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှုဟု စွပ်စွဲပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)နဲ့ ထောင်ဒဏ် ၂ နှစ်ချ မှတ်ချမှတ်ခဲ့ရတာပါ။