မော်လ်ဒိုဗာနိုင်ငံရဲ့ အဓိကကျတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဇွန် ၃၀ ရက်က အသက် ၄၃နှစ် အရွယ် တာဂျစ်လူမျိုး အမျိုးသားတဦးဟာ ပြည်ဝင်ခွင့် ငြင်းပယ်ခံရပြီးနောက် သေနတ်တလက် ကို လုယူကာ ပစ်ခတ်ခဲ့တဲ့အတွက် လုံခြုံရေးအရာရှိ ၂ ဦး သေဆုံးပြီး အရပ်သား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ချီစီနောင်း (Chisinau) နိုင်ငံတကာလေဆိပ်မှာ လေကြောင်းခရီးစဉ်တွေကို ခေတ္တရပ်နားလိုက်ရတဲ့ ဒီဖြစ်ရပ်အတွင်း တရားခံကိုယ်တိုင် ဒဏ်ရာရရှိခဲ့တဲ့အပြင် သူ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မော်လ်ဒိုဗာဝန်ကြီးချုပ် ဒိုရင်း ရက်ချန်း (Dorin Recean) ကတော့ ဒီသေနတ်သမားဟာ နယ်ခြားစောင့် ရဲအရာရှိတဦးရဲ့ သေနတ်ကို ဖမ်းဆွဲခဲ့ပြီးနောက် သူ့ကိုခေါ်ဆောင်သွားခဲ့တယ်လို့ ပြန်ပြောပြပါတယ်။
ဒီဖြစ်ရပ်အတွင်း သေဆုံးခဲ့ရသူတွေဟာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦးနဲ့ လေဆိပ် လုံခြုံရေးအရာရှိ ၁ ဦးတို့ဖြစ်ပြီး သူတို့အတွက် ဝမ်းနည်းပူဆွေးရတယ်လို့ သမ္မတ မိုင်ယာ ဆန်ဒူ (Maia Sandu) က မှတ်ချက်ပေးပါတယ်။
၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံကနေ လွတ်လပ်ရေး ရရှိလာခဲ့တဲ့ မော်လ်ဒိုဗာနိုင်ငံဟာ လူဦးရေအားဖြင့် ၂.၆သန်းသာ ရှိတာကြောင့် ဥရောပသမဂ္ဂအဖွဲ့မှာ ပါဝင်နိုင်ဖို့အတွက် တွန်းအားပေးလျက် ရှိပါတယ်။
ဒါ့အပြင် ရုရှားဘက်က စတင်ကျူးကျော်ခဲ့ပြီး နောက်ပိုင်းမှာ အိမ်နီးချင်း ဖြစ်တဲ့ ယူကရိန်းပြည်သူတွေဟာ မော်လ်ဒိုဗာနိုင်ငံရဲ့ လေဆိပ်တွေကို မကြာခဏ အသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။