နီပေါနိုင်ငံရဲ့ တရားရုံးချုပ်ဟာ လိင်တူချင်းလက်ထပ်ခွင့်အတွက် ပထမဆုံးအကြိမ် လမ်းဖွင့်ပေးလိုက်တဲ့ ယာယီအမိန့်ကို ထုတ်ပြန်ခဲ့တာကြောင့် တက်ကြွလှုပ်ရှားတွေက ကြိုဆိုခဲ့ကြပါတယ်။
အများအားဖြင့် ရှေးရိုးစွဲအမြင်ရှိတဲ့ ဒီနိုင်ငံထဲက လိင်တူစုံတွဲတွေဟာ သူတို့ရဲ့ လက်ထပ်မှုကို တရားဝင်စာရင်းသွင်းနိုင်ဖို့ ပြင်ဆင်လျက်ရှိတယ်ဆိုပြီး ဇွန်လ ၃၀ ရက်မှာ ပြောပါတယ်။
နီပေါတရားရုံးချုပ်က လိင်တူ စုံတွဲတွေရဲ့ လက်ထပ်မှုအပေါ် မှတ်ပုံတင်နိုင်ဖို့ ခွင့်ပြုပေးခဲ့တဲ့ ဒီကြားဖြတ်အမိန့်ကို ဇွန် ၂၈ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
ဒီကိစ္စနဲ့ပက်သက်ပြီး လိင်တူအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ တင်သွင်းခဲ့တဲ့ အသနားခံစာအပေါ်မှာလည်း တရားရုံးချုပ်အနေနဲ့ စဉ်းစားသုံးသပ်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စအတွက် နောက်ဆုံးစီရင်ချက်ချမှတ်ဖို့ တရားရုံးချုပ်ဘက်က ဆိုင်းငံ့ခဲ့ပြီးနောက်မှာ ယာယီအမိန့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
LGBT အသိုက်အဝန်းရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ မာယာ ဂူရန် (Maya Gurung) ကတော့ ဒီလို တရားဝင်မှတ်ပုံတင်နိုင်မှုဟာ အခက်အခဲများစွာကို ကျော်လွှားနိုင်စေမှာ ဖြစ်တဲ့အပြင် မကြာခင်မှာ ဒီအမိန့်ကို အမြဲတမ်းအတွက် အတည်ပြုပေးဖို့ မျှော်လင့်ထားတယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။
အာရှတိုက်မှာ လိင်တူချင်းလက်ထပ်မှုကို အသိအမှတ်ပြုတဲ့ တခုတည်းသောနေရာက ထိုင်ဝမ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်း၊ ဂျပန် နဲ့ တောင်ကိုရီးယား နိုင်ငံတို့မှာလည်း လိင်တူချင်း လက်ထပ်ခွင့်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် ဖိအားပေးနိုင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။