ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဇွန် ၂၃ ရက် မနေ့ညက မြို့နယ်စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့ဝင်တယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မြို့နယ်စစ်ကောင်စီ အဖွဲ့ဝင် ဦးလှကြည်ဟာ မနေ့ည ၇ နာရီကျော်က အပြင်ကနေ နေအိမ်ကို ကားနဲ့ ပြန်လာရာမှာ ၉၄ ရပ်ကွက် စိန်ပန်းလမ်းထောင့်မှာ သေနတ်နဲပစ်ခတ်ခံရတာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"ကားကို သေနတ်နဲ့ဆက်တိုက်ပစ်တာ ကျည်ထိပြီး ကားလည်း လမ်းဘေးမြောင်းထဲ ထိုးကျသွားတယ်။ စစ်တပ်က ဆေးရုံပို့တယ် ဆေးရုံရောက်မှ သေတာ။”
ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်၊ ရဲနဲ့ အထွေထွေအုပ်ချုပ်ရေးက တာဝန်ရှိသူတွေရောက်လာပြီး ကျည်ထိမှန်ဒဏ်ရာရတဲ့ ဦးလှကြည်ကို လူနာတင်ယာဥ်နဲ့သယ်ကာ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၁ စစ်ဆေးရုံကို ပို့ဆောင်ခဲ့ရာမှာ ည၈ နာရီကျော်လောက်မှာ သေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
"သူက မြို့နယ်အုပ်ချုပ်ရေးမှာ အဖွဲ့ဝင် ၂ ၊ မြို့နယ် YMBAအသင်းမှာ ဥက္ကဋ္ဌ၊ အပစ်ခံရတဲ့ကားနားမှာ ကျည်ခွံ ၁၂ ခုလောက် စစ်တပ်က ရတယ်။”
ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ၉၄ ရပ်ကွက်မှာ ပိတ်ဆို့စစ်ဆေးရှာဖွေ စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ပြီးခဲ့တဲ့လတွေကလည်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီ ဒေါက်တိုက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတချို့ သေဆုံးခဲ့ပါတယ်။