ဇွန် ၁၉ ရက် ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ် ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ရဲ့ တပ်ခွဲအသီးသီးက ရဲဘော်တွေဟာ အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူအားလုံးရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်၊ ပြည်သူလူထုအကျိုးအတွက် အစဥ်တစိုက် ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့တာကြောင့် တိုင်းပြည်ရဲ့ မိခင်ရတနာသဖွယ် ဂုဏ်ပြုမှတ်တမ်းတင်သောအားဖြင့် စိန်တလုံးသရက်ပျိုးပင် ၇၈ ပင်ကို စိုက်ပျိုးခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အသက် ၇၈ နှစ်အရွယ် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က မတရားဖမ်းဆီး အာဏာသိမ်းယူခဲ့ကာ အမှုပေါင်း ၁၉ မှုနဲ့ သက်သေ ထင်ရှားမရှိဘဲ စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ် အထိ ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ နေပြည်တော် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတာပါ။
အဲ့ဒါကြောင့် ၁၉၈၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း သူ့မွေးနေ့ ၁၈ ကြိမ်ကို အကျဉ်းချခံနေရတုန်းမှာ ဖြတ်သန်းခဲ့ရပါတယ်။
ဒီကနေ့မှာတော့ ကမ္ဘာ့နိုင်ငံတွေ အသီးသီးက မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေအပါအဝင် ပြည်တွင်းပြည်ပက နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချင်ခင် လေးစားကြသူတွေက မွေးနေ့ ဆုတောင်းပွဲတွေ၊ အမြန်ဆုံး လွတ်မြောက်နိုင်ရေး လူထုသပိတ်လှုပ်ရှားပွဲတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် ကျမ်းမာအသက်ရှည်ပြီးတော့ လွတ်လပ်ငြိမ်းချမ်းစွာ နိုင်ငံနဲ့ ပြည်သူလူထုအကျိုးအတွက် ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးထားတာကို တွေ့ရပါတယ်။