မန္တလေးတိုင်း၊ သာစည်မြို့နယ် ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ တောင်ကြီးဘက်ကနေ မောင်းနှင်လာ တဲ့ ခရီးသည်တင်ကားတစီးကို သတင်းအရ ရှာဖွေခဲ့ရာ ထိုင်းဘက်ကို ဝင်ရောက်လာမယ့် စိတ်ကြွမူးယစ်ဆေးဝါးပြား အရေအတွက် ၉ သိန်းနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Maesai press သတင်းဌာနက ဖော်ပြပါတယ်။
ဇွန်လ ၄ ရက် ည ၁ဝ နာရီလောက်က ရှမ်းပြည်နယ်၊ တောင်ကြီးကနေမောင်းနှင်လာတဲ့ ခရီးသည်တင်ကားထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့သတင်းရရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့- မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က စောင့်ဆိုင်းစစ်ဆေးရာကနေ တွေ့ရှိခဲ့တာပါ။
ယာဥ်ကိုစစ်ဆေးရာ မနန်းမိုးဇာနဲ့ ကိုခွန်မြမောင်တို့ရဲ့ ကျောမှီ ထိုင်ခုံထဲမှ စိတ်ကြွရူးသွပ် မူးယစ်ဆေးဝါး ၈၈၇,၂၅၀ပြား ကာလငွေကျပ်တန်ဖိုး ၁ ဒသမ ၃၃ ဘီလီယံတန်ဖိုးခန့်ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ကနေသယ်ဆောင်လာတာဖြစ်ပြီး ကရင်ပြည်နယ် ၊မြဝတီမြို့ကို ပို့ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။
ဘယ်သူက ငွေကြေး ဘယ်လောက်ပေးပြီး ခိုင်းစေခဲ့တာလဲဆိုတာကိုတော့ သတင်းမှာ ထည့်သွင်းဖော်ပြ ထားတာမျိုး မတွေ့ရှိရသေးဘဲ ဖမ်းဆီးရမိသူ ၂ ဦးကို မူးယစ်ဥပဒေအရအရေးယူထားပြီး ကွင်းဆက် တရားခံတွေကို ဖော်ထုတ်သွားမယ်လိ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
Source - Maesai press /CCDAC-Myanmar