နွေဦးကာလ
ဆရာမသည်
ပျံကျဈေးသည် ဖြစ်တော့၏။ ။
မှောင်မိုက်လွန်းတဲ့ အကာလ တိတ်ဆိတ်ညတွေမှာ အိုမင်း ဟောင်းနွမ်းလွန်းနေတဲ့ တိုင်ကပ်နာရီကြီးရဲ့ အသံက သံချေးတက်နေတဲ့ လက်တံအိုတွေကို ဒရွတ်တိုက်ဆွဲနေရတဲ့ အသံမျိုး။ အိမ်ခေါင်သွပ်မိုးပေါ် ခုန်ချလိုက်တဲ့ ကြောင်တကောင်ရဲ့ အသံကလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသံအလား အောက်မေ့ရလောက်အောင် ကျယ်လောင် မြည်ဟီးလွန်းတယ်။ ည ည ကြားနေကျ ခွေးဟောင်သံတွေဟာ ကျမဆီကိုလာနေတဲ့ ဧည့်ဆိုးတွေကို ဟောင်နေကြတာလား။ ခွေးဟောင်သံကြားလည်း ကြောက်ကြရ၊ ည ည အိမ်ရှေ့လမ်းထဲကို ကားတွေလာရပ်ရင်လည်း စိုးရိမ်ရ၊ လမ်းထဲကို လူစိမ်းသူစိမ်းတွေ ဝင်လာတာတွေ့ရင်လည်း စိတ်မချရတဲ့ ဘဝတွေပါ။
ကျမတို့ မြန်မာပြည်သူ ပြည်သားတွေရဲ့ အဖြစ်က လွန်ခဲ့တဲ့ အနှစ် ၂၀ ကလို ဖယောင်းတိုင်၊ ယပ်တောင်၊ ထင်းနဲ့ မီးသွေးတွေကို အိမ်တိုင်းလိုလို မရှိမဖြစ် ဆောင်ထားကြရတဲ့ အခြေအနေကို ပြန်ရောက်နေရတာက ခေတ်ကို နောက်ပြန်ဆွဲလိုက်တာများလား။ အထက်တန်းပြ ကျောင်းဆရာမကြီးဖြစ်တဲ့ ကျမရဲ့ မျှော်လင့်ချက်တွေသည်လည်း ဝေဝါးနေပြီး ထွက်ပေါက်ကမရှိ၊ ချောင်ပိတ်မိနေရသလို ခံစားနေရတယ်။ မွန်းကြပ်လွန်းလှတယ်။ ဒါ့ထက်ပိုဆိုးတာက ပိုက်ဆံအိတ်က ပိန်ပိန်လာတာ၊ ပြားပြားလာနေရတာပါ။ ဒီလိုအခြေအနေမျိုးက တွန်းပို့လိုက်တာမို့ အရင်ကဆိုရင် စဉ်းတောင်မှ မစဉ်းစားဘူးခဲ့တဲ့ တခါမှ မလုပ်ဘူးခဲ့တဲ့ အလုပ်ကို ကျမ ခက်ခက်ခဲခဲလုပ်ရင်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျောင်းဆရာမကြီး ဘဝကနေ အညတြဈေးသည်မ ဘဝကို ရှင်နေလျက်က ပြောင်းလဲလိုက်ရပါတော့တယ်။ အရှင်လတ်လတ်ကြီးကနေ ဘဝပြောင်းလို့ ကျမဟာ ဈေးသည်မ ဖြစ်လာခဲ့ရပါတယ်။ ကုန်းဘောင်ခေတ် စာဆိုကြီး ဦးပုည ရေးသလို ဂင်္ဂါမာလ ရေသည်ပြဇာတ်တော့ မဟုတ်ပါ။ နွေဦးခေတ်မှာ ကျမ မာလကာသီး ရောင်းပါပြီ။ နွေဦးဈေးသည်လေ . . .. ။
ဈေးရောင်းတဲ့အလုပ်က ကျမနဲ့ နေသားကျဖို့ဆိုတာ လွယ်တော့ မလွယ်လှဘူးပေါ့နော်။ ကျောင်းကပေးလိုက်တဲ့ ပညာနဲ့ ဘဝ လောကကြီးက ပေးလာတဲ့ ပညာဟာ တကယ့်ကို ကွဲကွဲပြားပြား ရှိလှပါတယ်။ ကျောင်းမှာတုန်းက ကျမရဲ့တပည့်တွေကို စာသင်ပေးတဲ့အခါ လေ့ကျင့်ခန်းတွေကို အရင်ပေးခဲ့ပါတယ်။ သင်ခန်းစာတွေပေါ့။ ကျမက တပည့်တွေကို သင်ခန်းစာပေးခဲ့ရသူလေ။ အခု အပြင်လောကကျတော့ ကျမကို သူများတွေက သင်ခန်းစာတွေချည်း ပေးတာခံနေရပြီ။
တညလုံး အတွေးတွေ ဝင်္ကဘာဖွဲ့ပြီး မအိပ်ရပါဘဲလျက် နိုးလာတဲ့ မနက်ခင်းမှာတော့ ဈေးရောင်းထွက်ဖို့ မာလကာသီးတွေကို အကြီးအသေးရွေးပြီး ကျွတ်ကျွတ်အိတ်ထဲ လေးလုံးစီ ထည့်လိုက်ပါတယ်။ ဈေးထဲမှာ ရောင်းတန်းဝင် မာလကာသီးတွေက တလုံးကို ၅၀၀ ပေးဝယ်ရပေမဲ့ ကျမရဲ့ မာလကာသီးတွေကို တလုံး ၂၅၀ နဲ့ လေးလုံးဆိုတော့ ၁,၀၀၀ ကျပ်။ တော်ပြီလေ ကျမတို့ မိသားစုအတွက် အနည်းဆုံး ၅,၀၀၀ ဖိုးလောက် ရောင်းရရင်ကို တနေ့တာအတွက် လုံလောက်ပါပြီ။ လခစား ဆရာမဘဝ မဟုတ်တော့ဘူး မဟုတ်လား။ တနေ့စာ တနေ့ ဈေးရောင်းပြီး ရှာနေရပြီလေ။ ဒါပေမဲ့ စိတ်ချလက်ချတော့ မဟုတ်ဘူးပေါ့။ စိတ်အေးလက်အေးတော့လည်း မဟုတ်ပါ။ ကျမတို့လို CDM လုပ်ပြီး စစ်တပ်မင်းတွေကို အာခံနေသူတွေကို ဖမ်းချင်သလို ဖမ်းနေကြချိန်မို့ပါ။ ညောင်သီးလည်းစား လေးသံလည်း နားထောင်လျက်သား မာလကာသီးများ ယူကြဦးမလားရှင်။
ဈေးရောင်းတယ်ဆိုပေမဲ့ ဈေးထဲသွားရောင်းတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူတော်တော်များများဟာ ဈေးရောင်းစားလာကြရပါတယ်။ အိမ်ဆိုင်တွေလည်း များလာသလို လမ်းထောင့် လမ်းထောင့်တွေတိုင်းမှာလည်း ဆိုင်တွေ တိုးတိုးလာနေတယ်ပေါ့။ ဈေးထဲမှာဆိုရင်တော့ ခြေချစရာမရှိအောင်ကို မတ်တပ်ဈေးသည်၊ ထိုင်ဈေးသည်တွေနဲ့မို့ ကျမအတွက် နေရာရှိမနေဘူး။ နောက်ပြီး ကျမကို ဆရာမလို့ သိကြတော့ ဈေးရောင်းနေတာလားလို့ အမေးခံရမှာကိုလည်း ရှက်မိသလိုလို ရွံ့မိသလိုလို ကြောက်မိသလိုလိုပါပဲ။ ဒါပေမဲ့လည်း စားဝတ်နေရေး ဝမ်းစာရေးအတွက်ဆို မဖြစ်မနေ ဈေးကတော့ ရောင်းကိုရောင်းရမယ်။ ဒါပေမဲ့ ဘယ်လိုရောင်းမလဲ။ စိတ်ကတော့ မောနေရတာပေါ့။
တော်လှန်သင်္ကေတနဲ့ ဈေးသည်
ပထမဆုံး ဈေးစရောင်းတဲ့နေ့က လက်တဖက်မှာ ကျွတ်ကျွတ်အိတ်နဲ့ ထည့်ထားတဲ့ မာလကာသီးအိတ် ၅ အိတ်ကို ဆွဲပြီး လမ်းထိပ်ကို ထွက်လာလိုက်တယ်။ အရင်ဆုံး ၄ လွှာတိုက်ခန်းကို ကျမ မော့ကြည့်တယ်။ နဖူးမှာ ချွေးတွေက အသီးထနေတယ်၊ ငါလုပ်နိုင်ပါ့မလား။ ၃ လွှာမှာ ကျမ ကျူရှင်ပြပေးနေတဲ့ ကလေးမလေး ရှိတယ်။ ကျမကိုမြင်ရင် “မေမေရေ ဆရာမ မာလကာသီး လာရောင်းနေတယ်၊ ဝယ်လိုက်ရမလား” လို့များ သူ့အမေကို အော်ပြောခဲ့ရင်ဆိုတဲ့ အတွေးတခု ကျမခေါင်းထဲကို ဝင်လာသေးတယ်။
ကျမ အသက်ဝဝရှူလိုက်တယ်၊ ပြီးတော့ အချိုသာဆုံး ပြုံးလိုက်ပါတယ်။ အရင်ဆုံး မြေညီထပ်က အခန်းတံခါးကို ခေါက်လိုက်တယ်။ ကျမ တံခါးခေါက်လိုက်ပြီး ခဏမှာ အတွင်းဘက်က တံခါးဖွင့်လာတယ်။ အမျိုးသားတဦး သူ့ကိုမြင်တော့ ကျမ လက် ၃ ချောင်း ထောင်ပြတယ်။ ဒါက ကျမတို့ရဲ့ တော်လှန်ရေးသင်္ကေတပါ။ ဒီသင်္ကေတကို အာဏာရှင်တွေက အရမ်းမုန်းပါတယ်။ ဒါပေမဲ့ စစ်ကျွန်စနစ်ကို မလိုလားတဲ့ ကျမတို့ ပြည်သူတွေကြားထဲမှာတော့ ဒီသင်္ကေတက ပေါင်းစည်းမှု၊ ချစ်ခြင်းမေတ္တာနဲ့ ရဲရင့်ခြင်းကို ပြသတာပါပဲ။ အတော့်ကို အရေးပါပါတယ်။ အိမ်ရှင်အမျိုးသားက ချက်ချင်း လက် ၃ ချောင်း ပြန်ထောင်ပြပါတယ်။ ကျမက မာလကာသီးတွေ အားပေးပါဦးလို့ ပြောတော့ အိမ်ရှင်အမျိုးသားက ချက်ချင်းပဲ ဝယ်တယ်။ ကျမကို ၅,၀၀၀ တန်တရွက် ထုတ်ပေးတယ်။ ကျမပြောတယ်၊ တအိတ်မှ ၁,၀၀၀ ပါလေ ဆိုတော့ ဆရာမရဲ့ မလာကာသီးက ၁,၀၀၀ ထက်မက တန်ပါတယ်ဗျာတဲ့။ ကျမရင်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ ပြောမပြတတ်အောင်ပါပဲ။
ဒီလိုနဲ့ပဲ တလမ်းဝင် တလမ်းထွက် တခန်းဝင် တခန်းထွက် လက်သုံးချောင်းထောင်ပြီး နှုတ်ဆက် ဈေးရောင်းခဲ့တယ်။ လင်ဗန်းခေါင်းရွက်ပြီး မာလကာသီး စားကြဦးမလားလို့မှ ကျမမှ မရာင်းတတ်တာ။ ဒီတော့ အိမ်တိုင်းကို တံခါးခေါက်တယ်၊ လက်သုံးချောင်း အရင်ထောင်ပြပြီး အားပေးပါဦးလို့ပဲ ရောင်းခဲ့တာ အခုဆို ကျောင်းဆရာမကနေ မာလကာသီးရောင်းနေတဲ့ ဈေးသည်ဘဝကို ကျမ နေသားကျခဲ့ပါပြီလေ။
သစ်သီးသည်ဘဝမှသည် ဆန်ပြုတ်သည်သို့
လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်၊ ဇူလိုင်လတွေမှာ ကျမတို့ မြန်မာပြည်မှာ ကိုဗစ် တတိယလှိုင်းကို ပြည်သူတွေ အလူးအလဲ ရင်ဆိုင်နေရတဲ့အချိန်ပေါ့။ တချို့အိမ်တွေကို ကိုဗစ်လူနာတွေနဲ့ စားစရာမရှိလို့ အလံဖြူလေးတွေ ပြတင်းပေါက်မှာ ထောင်ထားရတဲ့အချိန်လေ။
ကျမ ကြက်သားဆန်ပြုတ် ရောင်းခဲ့ပါတယ်။ ဆန်ပြုတ်ကို လူအများစုက လူမမာစာလို့ပဲ သတ်မှတ်ထားကြတယ် မဟုတ်လား။ တကယ်လည်း ကိုဗစ်လူနာတွေက ကျမပြုတ်ရောင်းတဲ့ ဆန်ပြုတ်ကို ၅၀၀ ပေးပြီး ဝယ်စားကြပါတယ်။ ဆေးရုံကြီးမှာ အရည်ကြဲကြဲ ကြက်သားဖတ်မပါတဲ့ ၁,၀၀၀ တန် ကြက်သားဆန်ပြုတ်ထက် ကျမချက်တဲ့ ကြက်သားဆန်ပြုတ်ကို လူတွေ လာလာဝယ်ကြတဲ့အခါ အရင် နှစ်ရှည်လများ ရောင်းလာတဲ့ ဆန်ပြုတ်သည်တွေက ကျမကို ပြဿနာ လာရှာပါတော့တယ်။ ဈေးကွက် လာလုတာလားတဲ့။ ကြောတာလား၊ ရင့်တာလား၊ ညည်းက အခုမှ လာရောင်းနေတာ၊ ကျုပ်တို့က ရောင်းလာတာ ကြာပြီတဲ့။ ညည်းဆန်ပြုတ် ဒီလောက်ကောင်းနေရင် ဟိုတယ်မှာ တက်ရောင်းပါလားတဲ့။ ကျမလေ ရှက်လည်းရှက်တယ်။ တသက်နဲ့တကိုယ် ညည်းတွေ ကျုပ်တွေဆိုတဲ့ အသုံးအနှုန်းတွေလည်း တခါမှ သူများကို ပြောမထွက်ခဲ့ဘူး။ ဒီတော့ ကျမ ကြက်သားဆန်ပြုတ် မရောင်းတော့ဘူး။
ဒါဆို ကျမ ဘာဆက်လုပ်ရမလဲလို့ စဉ်းစားတယ်။ ကျမ မိတ်ဆွေတချို့က လွတ်မြောက်နယ်မြေမှာပါ။ ကျမကို သူတို့ဆီလာဖို့ ခေါ်ကြတယ်။ တချို့ဆို တောထဲမှာ မြေဖြူကိုင်တဲ့လက်တွေက သေနတ်တွေကိုင်လို့တဲ့။ ပြန်စဉ်းစားကြည့်ရင် ဆန္ဒပြပွဲတုန်းက ကျမနဲ့အတူ ဆန္ဒပြခဲ့တဲ့ ဆရာမတဦးက ကျည်မှန်ပြီး ကျမရှေ့မှာတင် ကြွေလွင့်သွားခဲ့ရတယ်။ နောက် ဆရာမ ၃ ဦးကလည်း အကျဉ်းထောင်ထဲမှာ၊ ကျမကတော့ ဟိုပုန်းဒီရှောင်ရင်း စစ်အာဏာရှင်တွေ ကြီးစိုးတဲ့ ဒီနယ်မြေပဲ ရှိနေဆဲ။ နယ်စပ်ကတဆင့် ပြည်ပကို ထွက်ရအောင်ကလည်း ကျမသားသမီးတွေကို နိုင်ငံမဲ့ ဖြစ်သွားမှာစိုးတယ်။ ကျမ ဘယ်နိုင်ငံကိုမှ မထွက်ချင်ဘူး။ ကျမနိုင်ငံကို ကျမချစ်တယ်။ ကျမတို့ဟာ အခြေအနေဆိုးတွေကြောင့် အသိုက်တွေ ပျက်နေကြရတယ်။
မြန်မာပြည်ဟာ မယုံနိုင်စရာဖြစ်အောင် ခြောက်သွေ့နေတယ်၊ ငိုကြွေးမြည်တမ်း ညည်းညူမှုတွေနဲ့ ငရဲကျနေကြရတယ်။ ကျမအသိ ဆရာဝန်တဦးက ဆေးရုံမသွားဘဲ ထမင်းဆိုင်ဖွင့်ပြီး ရောင်းနေတယ်။ လူသိများတဲ့ မင်းသားတဦးက တက္ကစီမောင်းလို့၊ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တယောက်က delivery ပို့နေတယ်။ ကျမလို ကျောင်းဆရာမက ဈေးသည်ဖြစ်တာ ဆန်းသလားရှင်။ ကျမတို့အားလုံးက စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတာပါ။
၂၀၂၁ မတ်လ ၂၀ ရက်မှာ ကျမရဲ့တပည့် ကျောင်းသားလေး ကျမဆီ ရောက်လာတယ်။ “တီချယ် သားကို ပိုက်ဆံတသောင်း ချေးပါတဲ့။ သား တောထဲသွားမလို့ လမ်းခရီးစရိတ် မရှိလို့ပါတဲ့။ သားပြန်လာရင် ပြန်ဆပ်မယ်နော်” တဲ့။ အဆင်မပြေတဲ့ကြားက ကျမ ချက်ချင်း ငွေထုတ်ပေးလိုက်တယ်။ အခုတော့ သူက သူရဲကောင်း PDF ရဲဘော်ကြီး ဖြစ်နေပြီလေ။ တီချယ် အလေးပြုတယ် သားရေ။ တီချယ်လည်း အာဏာရှင်ကို အံတုရင်း ဈေးသည်ဘဝကို ပျော်ပျော်ကြီး ခံယူထားတယ်။ တီချယ်နဲ့ ပြန်ဆုံတဲ့တနေ့ တီချယ်လည်း ဖယောင်းတိုင်တွေ မရောင်းတော့ဘူးကွယ်။ ရာသီအလိုက် ရောင်းနေရတဲ့ မာလကာသီးကိုလည်း မရောင်းတော့ဘူး။ မီးသွေးနဲ့ ဆန်ပြုတ်တွေ၊ မုန့်ဟင်းခါးတွေကိုလည်း မရောင်းတော့ဘူးနော်။ အရင်တုန်းကလို အဖြူအစိမ်းလေးတွေ ဝတ်ပြီး ကျောင်းခန်းထဲကို ပြန်ဝင်မယ်။ တီချယ့် တပည့်လည်း အဖြူအစိမ်းဝတ်ပြီး ဆယ်တန်းကျောင်းသားလေးအဖြစ် ဝင့်ဝင့်ကြွားကြွားနဲ့ ရှေ့ဆုံးခုံမှာ ထိုင်နေပေးပါကွယ်။ ။
မိုင်ဇင်