မိုခါမုန်တိုင်းသင့် ကချင်ပြည်နယ်က ကျေးရွာတွေ ကိုယ်ထူကိုယ်ထ တနိုင်တပိုင် ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေကြပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေကြပါတယ်။
မေလ ၁၅ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ အင်အားပြင်းမိုခါမုန်တိုင်းကြောင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲက ကျေးရွာတွေမှာ နေအိမ်တွေ ပျက်စီးသွားခဲ့ရပြီး အကူအညီလိုအပ်နေကြပါတယ်။
မိုခါမုန်တိုင်းကြောင့် ဗန်းမော်ခရိုင်၊ မိုးမောက်နဲ့ မံစီမြို့နယ်ထဲက မိုင်ကုန်၊ ဝထန်၊ ခက်မာ၊ အောင်နန်ကျောင်းရွာတွေက နေအိမ် ၇၅ လုံးလောက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နေအိမ်ရဲ့ ထိခိုက်ပျက်စီးသွားသလို ရွာရဲ့ အဓိကဝင်ငွေဖြစ်တဲ့ သစ်ကြားသီးပင်၊ မက်လင်ပင်၊ ချဥ်စော်ကားသီးပင်တွေပါ ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ခေါင်မိုးတွေ လွင့်သွားတယ်။ ထရံတွေပေါက်ပြီး ပျက်စီးသွားတယ်။ ရွာရဲ့ အဓိက ဝင်ငွေဖြစ်တဲ့ သစ်ကြားသီးပင် မက်လင်ပင်ချဥ်စော်ကားသီးပင်တွေ အမြစ်ကနေ အကုန်လုံးပါသွားတယ်။ အခုတော့ ပြန်လည်ထူထောင်တာတော့ လုပ်တယ်။ မိုးရာသီဆိုတော့ မိုးကာတွေနဲ့ပဲ လုပ်ထားတာ။ သစ်တို သစ်စတွေနဲ့ ကာထားတာတော့ ရှိတယ်။ အဓိက အခြေခံအစားအစာတွေရယ် အမိုးအကာတွေရယ် အခုကျောင်းဖွင့်ချိန်နီးလာပြီဆိုတော့ ကျောင်းသုံးပစ္စည်းတွေ လိုအပ်တယ်။”
ကျေးရွာအများစုက ကိုယ်ထူကိုယ်ထ တနိုင်တပိုင် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေကြပြီး အခြေခံစားသုံးကုန်တွေ လိုအပ်နေကြပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကနေတော့ မုန်တိုင်းသင့် စစ်ရှောင်စခန်းတွေက ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည် ပြင်ဆင်ပေးဖို့ ဆောင်ရွက်နေပါတယ်။
“လုပ်ဆောင်မယ့် လုပ်ငန်းအဆင့်မှာတော့ ရောက်နေပြီ။ လဖိုင်တစ်ကျော၊ ရှအစ်ယန်၊ ပါဂျောင်ဘက်တွေ အဓိက စစ်ရှောင်စခန်းတွေကို ဆောင်ရွက်ပေးဖို့ ရှိပါတယ်”လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူတဦးက ပြောပါတယ်။
ဝိုင်းမော်မြို့နယ်က စင်ကြိုင်စစ်ရှောင်စခန်း၊ ကချင် - တရုတ်နယ်စပ်က ရှအစ်ယန်၊ မဂါးယန်၊ ခေါင်ရှောင်၊ ပါဂျောင် စတဲ့ စစ်ရှောင်စခန်းတွေကို မေလ ၁၅ ရက် ည ၈နာရီလောက်ကနေ မနက် ၂ နာရီအထိ မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်သွားခဲ့တာ ဖြစ်ပြီး လူနေအိမ်၊ ကျောင်းဆောင်၊ ဟောခန်းစင်တာတွေ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။