“အာဏာရှင်ကို တော်လှန်ပုန်ကန်ခြင်းသည် ထာဝရဘုရား၏ အမိန့်တော်ကို နာခံခြင်းဖြစ်ပြီး ယာယီလုံခြုံမှုလေး ရယူမှုဖြင့် မိမိ၏လွတ်လပ်ခြင်းကို ဆုံးရှုံးခံလိုက်ရသူသည် လုံခြုံခြင်းနှင့်ရော လွတ်လပ်ခြင်းနှင့်ပါ မထိုက်တန်ဘူး”လို့ အမေရိကန် တော်လှန်ရေးခေါင်းဆောင် ဘင်ဂျမင်ဖလင်ကလင်က ပြောခဲ့ဖူးတယ်။
ယနေ့ ကျနော်တို့ရဲ့ လက်နက်ကိုင်တော်လှန်မှုက ၂ နှစ်ကျော်သို့ ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်ပါတယ်။ PDF ရဲဘော်အချို့လည်း တိုင်းပြည်အတွက် အသက်စွန့်သွားကြသလို စစ်တလင်းကြားမှ အဓိကအားဖြင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ အထက်အညာဘက်မှာ ပြည်သူ မူလတန်းကလေးအရွယ်ကအစ အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
ပထမကမ္ဘာစစ်မှာ စစ်ဘက်၊ အရပ်ဘက်နဲ့ ပြည်သူ စုစုပေါင်း ၃၈ သန်းကျော်၊ ဒုတိယကမ္ဘာစစ်အတွင်းမှာ စာရင်းလေ့လာတွေ့ရှိချက်အရ ပထမကမ္ဘာစစ်ရဲ့ နှစ်ဆအထိ လူ့အသက်တွေ ဆုံးရှုံးခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်မှာ ခေတ်မီလက်နက်ကြီးများ လေယာဥ်၊ စစ်သင်္ဘောတွေ အဆင့်မြင့်တိုက်ခိုက်လာပေမဲ့ ဘာလို့ လူ့အသက်များစွာ ဆုံးရှုံးလာရလဲ ဆိုတော့ အာဏာရှင်တွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့်လည်း ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရတယ်။ ဟစ်တလာရဲ့ ဂျူးလူမျိုး ၆ သန်းကျော် သတ်ဖြတ်မှုက ပြင်သစ်တော်လှန်ရေးမှာ အစုလိုက် သတ်ဖြတ်မှုထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်လာခဲ့တယ်။ အာဏာရှင် အာဏာရူးတွေကြောင့် ကမ္ဘာကြီးဟာ ကမ္ဘာစစ်ကြီးတွေ ပြီးပေမဲ့ သတ်ဖြတ်မှုတွေကတော့ ယနေ့အထိ ရှိလာခဲ့တယ်။ အာရှတိုက်ဆိုရင် မားကို့စ်ရဲ့ ကိုယ့်ပြည်သူချင်း အစုလိုက်သတ်ဖြတ်မှုက ကမ္ဘာမှာ စံချိန်တင်ခဲ့တယ်။ ထို့အတူ မြန်မာနိုင်ငံမှာလည်း ၁၉၆၂ စစ်အာဏာသိမ်းပြီးတည်းက လူမသိ သူမသိ အာဏာရှင်က ပြည်သူတွေကို သတ်ဖြတ်မှုတွေ အရေးတော်ပုံအလိုက် သတ်ဖြတ်ခံရမှု ယနေ့ နွေဦးတော်လှန်ရေးအထိ စစ်ကောင်စီ ယုတ်မာမှုက အရေးအခင်းတွေအလိုက် နှစ်သန်းကျော်အထိ ရှိနေပြီလို့ နိုင်ငံရေးသုတေသီအချို့က စစ်တမ်းကောက် သုံးသပ်ပြောဆိုပါတယ်။
မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်း နှစ်ပေါင်း ၆၁ နှစ်မှာ (၂၀၀၈ ဖွဲ့စည်းပုံနှစ်ကိုပါ တွက်ချက်ပါတယ်။) အာဏာရှင်ရယ်က နေဝင်း၊ သန်းရွှေနဲ့ မင်းအောင်လှိုင် သုံးဦးတည်းပါ။ ရတနာနတ်မယ် မကွယ်လွန်ခင် အင်တာဗျူးတခုမှာ ပြောဖူးတယ်။ အာဏာသိမ်းတာ ဗိုလ်နေဝင်း တယောက်တည်းနဲ့ မဟုတ်ဘူး။ သူ့ဘေးမှာ မြှောက်ပေးနေသူတွေလည်း ရှိတယ်ဆိုတော့ ဒေဝဒတ်က သူ့အပေါင်းအသင်းနဲ့သူပါပဲ။ သို့သော် ဒေဝဒတ်တွေက အသက်ကို ၈၀ ကျော် ၉၀ အထိ နေသွားကြတယ်။ အသက်ရှည်ကြတယ်။ အပေါင်းအဖော်ကို မြှောက်ပင့်ခိုင်းတတ်တယ်။ မိမိထိုင်ခုံလာလုမှသာ ခေါင်းမထောင်နိုင်အောင် ပြုလုပ်ပစ်တယ်။ ဥပမာ ဗိုလ်ခင်ညွန့်လိုမျိုးပေါ့။ မည်သို့ပင်ဆိုစေကာမူ ဒေဝဒတ်တွေမှာ ကျွန်ခံချင်သူတွေက ဒုနဲ့ဒေး။
ထို့နည်းတူ အရေးအခင်းတိုင်းမှာ အနုပညာရှင်တွေ ပါတယ်။ ဒါပေမဲ့ အရေးအခင်းတခု ပြီးသွားရင် ပြည်သူနဲ့တသားတည်း အနုပညာရှင် လက်ချိုးရေလို့ရတယ်။ ပြည်သူထဲမှ ပြည်သူကိုယ်စားမဟုတ် မိမိကိုယ်သာ ကိုယ်စားပြုသူများကတော့ တက်လာတဲ့အစိုးရ ငါ့အစိုးရ လုပ်နေသူတွေကလည်း တပုံကြီးပါ။ ဒီတော့ ပြောချင်တာက ယနေ့ နွေဦးတော်လှန်ရေးဟာ အရင်က အရေးတော်ပုံတွေနဲ့ မတူ အာဏာရှင်ကို အောင်ပွဲယူမယ့် ပွဲပါပဲ။
ပြည်ပ စစ်ရေး နိုင်ငံရေး ပညာရှင်တွေက သုံးသပ်ပြောဆိုကြတယ်။ ပြည်တွင်း ပြည်ပ ပြည်သူတွေရဲ့ ထောက်ခံချက်၊ ရန်ပုံငွေအင်အား၊ PDF တွေရဲ့ အရိုးကြေကြေ အရေခန်းခန်း တိုက်ပွဲစိန်ခေါ်သံတွေကြောင့် နွေဦးတော်လှန်ရေးသည် အောင်ကို အောင်မြင်ရမယ်။ လက်ဗလာနဲ့ လာတဲ့သူကို လက်နက်တပ်ဆင်မှု၊ စစ်အမိန့် တပ်ဖွဲ့အတိုင်း ဖွဲ့စည်းတည်ထောင်မှု၊ စစ်ရေးကျွမ်းကျင်မှုတွေအတွက် အချိန်အတိုင်းတာတခု ကြာရင်ကြာမယ်၊ နွေဦးက အာဏာရှင်အမြစ်ဖြုတ် အောင်နိုင်တဲ့ပွဲပါပဲတဲ့။
ဒီလိုနဲ့ ၂၀၂၃ ကို ရောက်တဲ့အခါ စစ်အာဏာရှင် မင်းအောင်လှိုင်က တိုင်းရင်းသား နယ်မြေတွေက စစ်ရေးဦးဆောင်သူတွေကို ပြောင်းလဲကစားခဲ့တယ်။ မြေပြင်မှာ စစ်ကောင်စီ တပ်သားတွေထက် ဗိုလ်ကြီး၊ ဗိုလ်မှူးကျပြီ၊ အထိနာပြီဆိုတာနဲ့ လေယာဥ်က တနာရီအတွင်း အရောက်လာနိုင်ခဲ့တယ်။ မြင်မြင်သမျှ အကုန်ကြဲ အကုန်ပစ်စနစ်၊ သူ့ဘက်က စစ်ခွေးသေလည်း ရောပစ်ချမယ်ဆိုသော လေကြောင်းထိုးဖောက်အဖွဲ့ပါ။ ဒီလို လေကြောင်းကို အမှီပြုနေရသော စစ်ကောင်စီက 9 မမ ကျည်ကနေ စကတ်ဒုံးကျည် 122. 144 အထိ ထုတ်လုပ်နိုင်သော ကပစစက်ရုံတွေ ရှိပါတယ်။ ကျည်ကို ဖောဖောသုံးနိုင်သော အနေအထားဖြစ်ပြီး မြေပြင်မှာ တိုက်ပွဲဖြစ်တဲ့နေရာတခုကို နှစ်နာရီအတွင်း ချက်ချင်း အယောက် ၁၀၀ နီးပါး စစ်ကူလာနိုင်သော အခြေအနေ ရှိပါတယ်။ ဒေါက်တာဒေါ်မီမီဝင်းဘက် ပြောသလို လေယာဥ်ပစ်လက်နက်တွေ မရနိုင်သေးခင် လေယာဥ်ပျံတက်လို့ မရနိုင်သော ထောက်ပို့များကို ပစ်မှတ်ထား ဆော်နိုင်ရင်လည်း လေကြောင်းရန် အကောင်းဆုံး တိုက်ခိုက်မှုပါပဲလို့ ဆိုပါတယ်။
ဟုတ်ပြီ ဒါဆို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ စစ်ရေးကို ဦးဆောင်သူ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ ဘက်ကရော ဘာတွေများ ထပ်မံပြင်ဆင်ဖွဲ့စည်းသင့်လဲ။ သုံးသပ်မှုတွေကို တိုက်ပွဲဝင်ရင်း ဆက်တိုက် ပြောင်းလဲအစားထိုးမှုတွေ လုပ်ငန်းစဥ် အချိန်းအပြောင်းတွေ လုပ်လာရတော့မှာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ပျက်ဖို့က တိုက်ခိုက်ရေးနဲ့အတူ CDM သိပ်အရေးကြီးပါတယ်။ အဓိကပစ်မှတ်တွေ ရှိကြတယ်။ ၆၀ မမ၊ ၁၂၀ မမ ပစ်ဖို့ လူမရှိ မင်းအောင်လှိုင် ဆင်းပစ်လည်း ရတယ်။ အဲ တခုပဲ ဇော်မဲလုံး ဘယ်လောက်တက်ကြွတက်ကြွ လေယာဥ်တော့ တွေ့တဲ့သူတက်မောင်းလို့မရပါဘူး။ ဒါကြောင့် ပစ်မှတ်တိုက်ခိုက် ရှင်းလင်းမှုတွေနဲ့အတူ CDM လက်နက်ကိုင်တွေကို ထပ်မံဖိတ်ခေါ်ပြီး စနစ်တကျ နေရာချထားမှု၊ မိသားစုအလိုက် ပါလာပါက လက်လွတ်စပယ်မဟုတ်ဘဲ စောင့်ရှောက်ထားမှု၊ လူသားတိုင်းရဲ့ လူ့အခွင့်အရေးအတွက် CDM လက်နက်ကိုင်တွေအပေါ် သူတို့ စိတ်သဘောထား မှတ်ချက်တွေကို အသိအမှတ်ပြု လုပ်ဆောင်ကူညီမှုတွေ ပြန်လုပ်သင့်ပါတယ်။
ထို့အတူ တိုင်းရင်းသား လက်နက်ကိုင်တွေမှာ တပ်မဟာအလိုက်ကို မတူညီတဲ့ စစ်ရေးဦးဆောင်မှုတွေ ရှိတယ်။ ဒါတွေကိုလည်း PDF စစ်ရေးတာဝန်ခံတွေက ပုံသေတခုတည်း မသတ်မှတ်ဘဲ တိုင်း၊ ပြည်နယ် လက်နက်ကိုင် အဖွဲ့အစည်းတွေအလိုက် တော်လှန်ရေးကို လက်တွဲဆင်နွှဲနိုင်ရမယ်။ PDF တွေမှာ ၉၀ ရာခိုင်နှုန်းက တိုက်ပွဲအတွေ့အကြုံ အသာထား၊ လက်နက်တောင် ၂၀၂၁ မတ်လမှ ကိုင်ဖူးသူတွေပါ။ စစ်ရေးတာဝန်ခံတွေလည်း ထို့အတူပါပဲ။
နွေဦးက စုပေါင်းအားနဲ့ တိုက်တဲ့ပွဲမှာ အောက်ခြေ PDF တွေကို ကျနော်တို့ကတော့ ဒီ ရဲဘော်လေးတွေ ဦး ရေး ထောက်မှာ ဘယ်နေရာ တာဝန်ပေးရင်ရမယ်။ သူက PDF လုပ်နေပေမဲ့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တာထက် ထောက်ပို့၊ ကျန်းမာရေး၊ ရုံးအကူ၊ ထုတ်လုပ်ရေး စတဲ့ တခြားဌာနများမှာ ဝင်လုပ်နေရင်လည်း နွေဦးမှာ ပါဝင်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ နွေဦးမှာ ဦးဆောင်သူတွေကလည်း သူ့တာဝန်နဲ့ သူကျွမ်းကျင်ရာအလိုက် အံဝင်ခွင်ကျရင် တော်လှန်ရေးက သိပ်မကြာပါဘူး။
ပြီးတော့ ၂ နှစ်တာကာလအတွင်း NUG မှာလည်း ကိုယ်ဦးဆောင်ခဲ့တဲ့ လုပ်ငန်းစဥ်တွေ အလိုက်လည်း ပြန်လည်သုံးသပ်ကြပါ။ အဖူးရေ အတီးရေ လုပ်နေရုံနဲ့ မပြီးဘဲ ကိုယ်ဦးဆောင်မှုက အားနည်းနေလား၊ အင်အားထပ်ဖြည့်ပါ။ ထပ်ဖြည့်ရဲ့သားနဲ့ အဆင်မပြေ အောင်မြင်မှု ဘယ်အထိပဲ ရှိနေတယ်လို့ ပြန်သုံးသပ်ရင် မိမိယူနိုင်တဲ့ တာဝန်ကိုသာ ဌာနတခုခုမှာ ပြောင်းလဲလုပ်ကိုင်သင့်ပါတယ်။ အုပ်စုဖွဲ့မှုတွေကို ရှောင်ရှားရင်း စစ်ဏာရှင် အမြစ်ဖြုတ်ရေး နွေဦးအောင်ပွဲ မကြာခင် ဆင်နွှဲနိုင်ရေး ပြောင်းလဲသင့်တာတွေကို ပြောင်းလဲကြပါစို့လို့ တိုက်တွန်းရင်း အရေးတော်ပုံ အောင်ကိုအောင်ရမယ်။
အရေးတော်ပုံ အောင်ရမည်။
ရွှေနွယ်မောင်