Home
မြန်မာသတင်း
ဆန်ဈေးတက်အောင် ပြုလုပ်နေသူများကို ကိုင်တွယ်မည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ပြော
DVB
·
April 25, 2023
336652442_759470118965325_2983654240536487369_n

သင်္ကြန်အပြီးကာလမှာ ဆန်ဈေးတွေ သိသိသာသာ မြင့်တက်လာတာနဲ့ ပက်သက်ပြီး ဆန်ဈေးမြင့်တက်အောင် ရည်ရွယ် လုပ်ဆောင်နေသူတွေကို ကိုင်တွယ် ဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဧပြီ ၂၄ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

အွန်လိုင်းမှာ မမှန်တဲ့ဈေးနှုန်းတွေ၊ မမှန်တဲ့သတင်းအချက်အလက်တွေ ဖန်တီးပြီး ဆန်ဈေးမြင့်တက်အောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေသူတွေကြောင့်   ပြည်တွင်း စားသုံးဆန်ဈေးနှုန်းတွေ  မြင့်တက်နေတာလို့ အသင်းချုပ်က သံသယရှိနေတာပါ။

ဆန်ဈေးမြင့်တက်အောင် ရည်ရွယ် လုပ်ဆောင်နေသူတွေကို ဝိုင်းဝန်းစိစစ်ဖော်ထုတ်ကြဖို့ ဆန်စပါး အသင်းချုပ်က တိုက်တွန်းထားပြီး၊ ရည်ရွယ်ချက်နဲ့ ဆန်ဈေးတက်အောင် လုပ်ဆောင်သူတွေကို စည်းရုံး ပညာပေးလို့ မရပါက သက်ဆိုင်ရာကို တင်ပြဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အသင်းချုပ်အနေနဲ့ ဆန်ဈေးနှုန်းတည်ငြိမ်ရေးနဲ့ အရောင်းအဝယ်တွေ မှန်ကန်မှုရှိစေရေး ထိန်းကျောင်း ဆောင်ရွက်ဖို့အတွက် ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်တွေ။ ဆန်စက်ပိုင်တွေ၊ ဆန်ကုန်သည်တွေ၊ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုထားပြီး  ရည်ရှည် အကျိုးစီးပွားကို ချင့်ချိန်ပြီး အရောင်းအဝယ်ဆောင်ရွက်ဖို့ ကုန်သည်ပွဲစား စက်ပိုင်တွေကို  နိုးဆော်ထားပါတယ်။

ပြည်တွင်း ဆန်စျေးနှုန်းတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်စတစ်စနဲ့ တောက်လျှောက် မြင့်တက်နေတာ ဖြစ်ပေမဲ့ သင်္ကြန်အလွန်ကာလမှာတော့ ဈေးကွက်ထဲ ဆန်အဝင်နည်းပြီး ဈေးနှုန်း အတက်ကြမ်းလာပါတယ်။

ဒီနေ့ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်စျေးနှုန်းအရ ရွှေဘိုပေါ်ဆန်းဆန်က တအိတ်ကို  ၉၅၀၀၀ ကျပ်ကနေ ၁၀၅၀၀၀ ကျပ်၊ မြောင်းမြ ပေါ်ဆန်းက တအိတ်ကို ၈၅၀၀၀ ကနေ ၈၆၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းက ၈၅၀၀၀ ကနေ ၈၇၀၀၀ ကျပ်၊ ကြားပျံ တအိတ်ကို ကျပ် ၈၂၀၀၀ ကနေ ၉၀၀၀၀ ကျပ်၊ ရက် ၉၀က ကျပ် ၆၀၀၀၀ ကနေ ၇၀၀၀၀ ကျပ်၊ ခွံနီဆန်က ကျပ် ၆၇၀၀၀ကနေ ၇၅၀၀၀ ကျပ်အထိ အသီးသီး ဖြစ်ပေါ်နေပါတယ်။

သင်္ကြန်မတိုင်ခင် ဧပြီ ၇ ရက်နေ့ကတော့ ရွှေဘိုပေါ်ဆန်း ဆန်တအိတ်ကို ၈၅,၀၀၀ ကနေ ၉၃,၀၀၀ ကျပ်၊ မြောင်းမြ ပေါ်ဆန်းစျေး ၇၇,၀၀၀ ကျပ်ကနေ ၇၉,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းက ၇၀,၀၀၀ ကနေ ၇၂,၀၀၀ ကျပ်၊ ကြားပျံဆန် တအိတ်ကို  ၇၂၀၀၀ ကနေ ၈၀၀၀၀ ကျပ်၊ ရက် ၉၀ ဆန်တအိတ်ကို ၅၅,၀၀၀ ကနေ ၆၄,၀၀၀ ကျပ်၊ ခွံနီဆန်က ၆၂,၀၀၀ ကနေ ၆၆,၀၀၀ ကျပ်အကြား အသီးသီးရှိခဲ့ပါတယ်။

ဆန်လက်လီ လက်ကား ရောင်းချသူ လုပ်ငန်းရှင်တဦးက "နယ်ကနေ ရန်ကုန်ကို ဆန်များအဝင်များလာရင်တော့ ပုံမှန် ပြန်ဖြစ်သွားမှာပါ။ အရမ်းကြီးမစိုးရိမ်ကြပါနဲ့။  နယ်ကနေ ဆန်အဝင်နည်းနေတာကြောင့် အခုလိုဖြစ်ပေါ်နေတာလို့ ယူဆပါတယ်" လို့ မှတ်ချက်ပြုပါတယ်။

မြန်မာပြည်တွင်း ဆန်စျေးမတန်တဆမြင့်တက်နေတဲ့အပေါ် နယ်မြေ မတည်ငြိမ်မှုတွေအရ စပါးစိုက်ပျိုးနိုင်မှုမရှိဘဲ စိုက်ဧကလျော့ကျလာတာ၊ လျှပ်စစ်မီးမရတာကြောင့် စပါးကြိတ်ခွဲမှုလုပ်ငန်းတွေ နှောင့်နှေးပြီး ကုန်ကျစရိတ် ပိုလာတာ၊ လှောင်လက်တွေရဲ့ စျေးကစားမှုတွေရှိနေတာ စတဲ့အချက်တွေကြောင့် ဖြစ်တယ်လို့ အဆိုပါအသိုက်အဝန်းကြား သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024