ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်၊ ၅၀ ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းနဲ့ ဗိုလ်ရာညွန့်လမ်းထောင့် YBS 12 ဂိတ်ရင်းရှိ ကားတစီးပေါ်မှာ ဧပြီ ၂၂ ရက် နေ့လယ်ပိုင်းက လက်လုပ်ဗုံးတလုံး တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်က ယူဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
YBS 12 ဟာ မြောက်ဒဂုံ ၅၀ ကွေ့ကနေ ဆူးလေမြို့တော်ခန်းမအထိ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းဖြစ်ပြီး အဲ့ဒီနေ့က ဆူးလေကနေ ကားဂိတ်ရင်းကို ဂိတ်ထိုးလာတဲ့ YBS 12 ( 2P ****) မှာ ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။
နေ့လယ် ၁ နာရီလောက်မှာ ယာဉ်မောင်းစစ်ဆေးချိန် ကားနောက်ဆုံးခုံအောက်မှာ အနက်ရောက် ကြွပ်ကြွပ်အိတ်နဲ့ထုပ်ထားတဲ့ အာလူးကြော်ဘူးထဲက လက်လုပ်ဗုံးကို တွေ့ရှိခဲ့တာပါ။
ယာဉ်လိုင်းနဲ့ နီးစပ်သူတဦးက "ဒရိုင်ဘာက ကားကို ဂိတ်ထိုးပြီးမှ ရှာတွေ့တာလို့ ပြောတယ်။ ခရီးသည်က ပစ္စည်းမေ့ကျန်ခဲ့တယ် ထင်လို့ ဖွင့်ဖောက်ကြည့်မှ ဝါယာကြိုးတွေရော၊ ဓာတ်ခဲတွေပါ တွေ့လို့ လန့်ပြီး လမ်းဘေးက မြောင်းအစပ်နား ပစ်ချလိုက်တာ။ ဒီနားက CTS (ဗဟို လေ့ကျင့်ရေးကျောင်း) မှာ လုံခြုံရေးတွရှိတော့ သူတို့က လာဖြုတ်ပေးသွားတာ" လို့ ပြောပါတယ်။
ယာဉ်မောင်းက လမ်းဘေးပစ်ချလိုက်ပြီး သက်ဆိုင်ရာကို အကြောင်းကြားတာကြောင့် စစ်တပ်နဲ့ ရဲက လာရောက်စစ်ဆေးတဲ့အခါ ဘူးအတွင်း သံပိုက်တပ် 9V ဓာတ်ခဲ၊ ဆားကစ်တွဲပါ ဗုံးတွေ့ရှိခဲ့ပြီး ဗုံးသက်မဲ့ဖြစ်အောင်လုပ်ကာ ယူဆောင်သွားတယ်လို့ သိရပါတယ်။
ယာဉ်လိုင်းဘက်က CCTV မှတ်တမ်းကို ပြန်လည်စစ် ဆေးပေမဲ့ နည်းပညာချို့ယွင်း နေတာကြောင့် ဘယ်သူက လာထားသွားမှန်း မသိရသေးဘူးလို့ သိရပြီး အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မြောက်ဒဂုံရဲစခန်းကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။