ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တရားဥပဒေမဲ့ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား တွေလွတ်မြောက်ရေးအတွက် လှုံ့ဆော်တဲ့အနေနဲ့ Blue Shirt ရှပ်အင်္ကျီအပြာရောင်၊ ဒါမှမဟုတ် အပြာရောင်အဝတ်အစားတွေ ဝတ်ဆင်ပြီး လှုပ်ရှားမှုကမ်ပိန်းမှာ အားလုံးပါဝင်ကြဖို့ မြေပြင်တော် လှန်ရေး အင်အားစုတွေက နှိုးဆော်ထားပါတယ်။
ဒီလှုပ်ရှားမှုကိုတော့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်တဲ့ ၉ နှစ်ပြည့် လာမယ့် ဧပြီ ၂၁ ရက်မှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ပါဝင်နိုင်မှာဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေအပါအဝင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူတွေကလည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။
သတင်းစာဆရာ၊ နိုင်ငံရေးသမားကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ စစ်အာဏာရှင်စနစ်ကို အလံမလှဲ ဆန့်ကျင်တွန်းလှန်ခဲ့သူ တယောက်ဖြစ်ပြီး ယုံကြည်ချက်အတွက် အကျဉ်း ထောင်ထဲမှာ နှစ်ပေါင်း ၂၀ နီးပါး ကျခံခဲ့ရပြီး အသက် ၈၄ နှစ်အရွယ်မှာ အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
သူဟာ လွတ်မြောက်လာပြီးကတည်းက နိုင်ငံရေး အကျဉ်းသားတွေ မလွတ်မချင်း အကျဉ်းထောင်ဝတ်စုံ ဖြစ်တဲ့ အပြာရောင် ဝတ်စုံကို တောက်လျှောက်ဝတ်ဆင်ခဲ့သူဖြစ်တာမို့ ကွယ်လွန်တဲ့နေ့ရောက်တိုင်း အပြာရောင်ဝတ်စုံတွေ ဝတ်ဆင်ပြီး နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးအတွက် တောင်းဆိုမှုတွေနဲ့ လူထု လှုပ်ရှားမှုတွေ နှစ်စဉ်လုပ်ဆောင်လာခဲ့ကြတာ ဖြစ်ပါတယ်။
လတ်တလောကာလ မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလက တည်းက အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်နှိမ်နင်းမှုတွေ နေ့စဉ် တိုးပွားလာနေပြီး လူပေါင်း ၂၁,၄၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ၁၇,၅၀၀ ကျော်ကတော့ အကျဉ်းထောင်တွေထဲမှာ ခုချိန်ထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက အကျဉ်းထောင်တွေထဲက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အကျဉ်းသား ၃,၁၀၀ ကျော်ထဲ မှာ ဆေးမှု၊ လူသတ်မှု၊ စစ်ပြေးနဲ့ ရဲပြေး အကျဥ်းသား နိုင်ငံရေး အကျဉ်းသားတွေ အများစု ပါဝင်ခဲ့ကာ နိုင်ငံရေးအကျဉ်းသားတွေ တဦးမှ ပါဝင်လာခြင်း မရှိခဲ့ပါဘူး။
ခုလာမယ့် ဧပြီ ၂၁ ရက် အပြာရောင်လှုပ်ရှားမှုမှာတော့ အပြာရောင် ရှပ်၊ ဒါမှမဟုတ် အပြာရောင်ဝတ်စုံတွေနဲ့ ဓာတ်ပုံတွေကို “နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်” စာ သားနဲ့အတူ လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ မျှဝေကြပြီး တိုးပွားလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ #နိုင်ငံရေးအကျဉ်းသားအားလုံးချက်ချင်းလွှတ် #BlueShirt4Burma #BlueShirtDay ဟက်ရှ်တက်ဂ်တွေ ရေးသားပြီးတော့ ပါဝင်နိုင်ဖို့ နှိုးဆော်ထားပါတယ်။