သင်္ကြန်ကာလရုံးပိတ်ရက်တွေမှာ ပြည်သူတွေ အဆင်ပြေစေဖို့ YBS ယာဉ်တွေ ပြေးဆွဲသွားမှာဖြစ်ပြီး ယာဥ်စီးခကို ပုံမှန်အတိုင်း ကောက်ခံဖို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က တိုက်တွန်းထားပေမယ့် ဧပြီ ၁၃ ရက်ဒီနေ့ သင်္ကြန်အကြိုနေ့မှာ ယာဉ်စီးခတွေ ပိုမိုကောက်ခံနေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
သင်္ကြန်အတွင်းမှာ YBS အနေနဲ့ ယာဉ်စီးကားခတွေ တိုးမတောင်းဖို့ သတင်းစာထဲမှာ ကြေညာထားတာကို အရင်က ကျပ် ၃၀၀ ၊ ၄၀၀ ပေးစီးရတဲ့ကားတွေက ဒီနေ့ အကြိုနေ့မှာ ယာဉ်စီးခကိုပိုပြီး ပေးခဲ့ရတယ်လို့ ရန်ကုန်မြို့က ခရီးသွားတစ်ဦး ပြောပါတယ်။
“ဒီမနက်ကလည်း YBS 71 စီးတာ ယာဉ်စီးခ တယောက် တထောင်ပေးရတယ်။ ပုံမှန်ဆို ၃၀၀ ပဲ ပေးရတာ၊ ဘယ်လိုပဲအရေးယူမယ်ပြောပြော အရေးယူဖို့ကြေညာတာက တဖွဲ့၊ တောင်းချင်ရာ တောင်းတဲ့တဖွဲ့နဲ့ ဘာကြေညာချက်ကိုမှ ဂရုမစိုက်တဲ့ ပုံစံမျိုးလုပ်နေတာ။”
YBS ယာဉ်မောင်းတစ်ဦးက “ဒီကာလမှာ ထွက်တဲ့ YBS ယာဉ်လိုင်းကတော့ တောင်းမှာပဲ၊ ကားလည်း အကုန်မထွက်နိုင်သလို ကားတစ်စီးမှာ ဂိတ်အစကနေ အဆုံးအထိက လူ၅၀ မပြည့်ဘူးလေ၊ အုံနာကြေး၊ CNG ဖိုးနဲ့ မောင်းကြေး ကျန်အောင်တော့ လုပ်ကြမှာပဲ၊ YRTC အနေနဲ့တော့ ပိုတောင်းဖို့ ခွင့်မပြုထားပါဘူး။ ယာဉ်စီးခပိုကောက်လို့ တိုင်ကြားနိုင်ဖို့လည်း ကြေ ညာထားတယ်” လို့ ပြောပါတယ်။
သင်္ကြန်ရုံးပိတ်ရက်ကာလ YBS ယာဉ်တွေ ပြေးဆွဲရာမှာ ယာဉ်စီးခပိုတောင်းတဲ့ ယာဉ်တွေကို CNG ပိတ်သိမ်းမှုနဲ့ လုပ်ငန်းလိုင်စင် ပိတ်သိမ်းကာ အရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အသိပေးထားပါတယ်။
အများပြည်သူရုံးပိတ်ရက်ရှည်ဖြစ်တဲ့ ဧပြီ ၁၃ ရက် မှာ YBS အစီးရေ ၁၄၃၀ ၊ ၁၄ ရက်မှာ ၁၂၉၀ စီး ၊၁၅ ရက်မှာ ၁၂၈၈ စီးနဲ့ ၁၆ ရက်မှာ ၁၂၈၈ စီး ပြေးဆွဲသွားမှာဖြစ်ပြီး နှစ်ဆန်းတစ်ရက်ကစတင်ကာ ရန်ကုန်မြို့ရှိ YBS ယာဉ်လိုင်းအားလုံး ပုံမှန်အတိုင်း ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။