တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဦးဖြူဟာ ဧပြီ ၁၀ ရက် ညက အချုပ်ခန်းထဲမှာ ပုဆိုးနဲ့လည်ပင်းကို ကြိုးကွင်းစွပ်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဦးဖြူဟာ အခြား မြို့ခံတဦးဖြစ်သူ ဦးကိုလေးမြင့်နဲ့အတူ ဧပြီ ၈ ရက်မနက်က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီး ကလိန်အောင်ရဲစခန်းမှာ စစ်ဆေးခံနေရတာပါ။
"မနေ့က (ဧပြီ ၁၁ ) မနက် ၁၀ နာရီလောက် ရင်ခွဲရုံကနေ အလောင်းကို အိမ်ပြန်သယ်လာတယ်။ ရင်ခွဲထားတာလွဲပြီး ကျန်တာ ထူးထူးခြားခြား ဒဏ်ရာတော့မတွေ့ရဘူး" လို့ ဦးဖြူရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။
စျာပနကိုတော့ အဝေးရောက် မိသားစုဝင်တွေကို စောင့်နေရတာကြောင့် ဧပြီ ၁၃ ရက်နေ့ ကလိန်အောင်မြို့မှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေ မရှိပေမဲ့ စစ်ဆေးခံနေရစဉ်အတွင်း စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြောင့် အခုလို အဆုံးစီရင်သွားတာဖြစ်နိုင်တယ်လို့ မြို့ခံတွေက မှတ်ချက်ပြု ပြောဆိုနေကြပါတယ်။
ဦးဖြူ နဲ့ ဦးကိုလေးမြင့် တို့နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက လာရောက်ဖမ်းဆီးပြီး စစ်ဆေးနေတာလို့ မိသားစုနဲ့နီးစပ်သူတွေက ဆိုပါတယ်။
ဦးကိုလေးမြင့်ကိုတော့ ကလိန်အောင်နယ်မြေရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ပါတယ်။
မတ်လက ဖမ်းဆီးခံထားရတဲ့ ကလိန်အောင်မြို့နယ်က အမျိုးသမီးငယ် ၂ ဦးလည်း ပြန်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။
ကလိန်အောင်မြို့နယ်အတွင်း ရေး-ထားဝယ်လမ်းပိုင်းမှာ မတ်လအတွင်း စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရတာနဲ့ တံတးစစ်ဆေးရေးဂိတ်အနီး ပစ်ခတ်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။