ရန်ကုန်မြို့က မြို့နယ်အလိုက်ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီရုံးစိုက်ရာနေရာတွေမှာ မဏ္ဍပ်တွေ တည်ဆောက်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ လာမယ့်သင်္ကြန်မှာ ယခင်နှစ်ကထက် ပိုမိုစည်ကားဖို့လုပ်ဆောင်နေပြီး သူတို့ရဲ့ အစိုးရရုံးစိုက်ရာနေရာတွေမှာ မဏ္ဍပ်တွေကို အဓိက တည်ဆောက်ထားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အင်းစိန်၊ ဘိုကုန်း ရပ်ကွက် မြို့နယ်ခန်းမမှာ မဏ္ဍပ်တခု၊ ဂျပန်လမ်းက ဂေါက်ကွင်းနားမှာတခု ဆောက်ထားတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီက အခုနှစ်သင်္ကြန်ကို ယခင်နှစ်ကထက် ပိုမိုစည်ကားဖို့လုပ်ဆောင်နေပေမယ့် သူတို့တည်ဆောက်ထားတဲ့ မဏ္ဍပ်တွေဟာ လူသွားလူလာ နည်းတဲ့နေရာတွေ ဖြစ်တယ်လို့လည်း ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။
ဒါ့အပြင် ယခင်နှစ်က ပြည်သူ့ရင်ပြင်မှာ တည်ဆောက်ခဲ့တဲ့ မဏ္ဍပ်ဟာ ရင်ပြင်ရဲ့ ပြင်ပမှာဖြစ်ပေမယ့် အခုနှစ်မှာတော့ ရင်ပြင်အတွင်းမှာပဲ တည်ဆောက်ထားတယ်လို့ သိရပါတယ်။
ယခင်နှစ်က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မဏ္ဍပ်တည်ဆောက်နေစဉ်အတွင်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ရဲ့ ဗုံးခွဲတိုက်ခိုက်မှု့ကိုခံခဲ့ရပါသေးတယ်။