အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား မကွေးနည်းပညာ တက္ကသိုလ်ကျောင်းသား မောင်လျှံဖြိုးအောင် မျက်လုံးနဲ့ လက်မှာ ခွဲစိပ်ကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ သူ့ရဲ့ ဖခင်ဖြစ်သူက ဒီဗွီဘီကိုပြောပါတယ်။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ကနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရတဲ့ မောင်လျှံဖြိုးအောင်ဟာ ဧပြီလ ၇ ရက် မနက်ပိုင်းမှာ မကွေးအကျဥ်းထောင်ကနေ လွတ်ရက်စေ့ပြီး လျှော့ရက်နဲ့ ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ဦးဟိဏ်းထက်က “ကလေးက ကျန်းမာရေးက မကောင်းဘူးဗျ။ အခါရက်ပြီးရင်တော့ ရန်ကုန်ကိုသွားပြီး မျက်ကြည်လွှာသွားတပ်ရမယ်။ အေးအေးချမ်းချမ်း ဖြစ်သွားရင်တော့ လက်အတုလေးတပ်ပေးဖို့စီစဥ်ထားတယ်။ နောက်ထပ်ကောင်းတယ်လို့ ဆိုထားတဲ့ ဘယ်ဘက်လက် လက်တဖက်ကလည်း အရေးတကြီးချုပ်ထားတာဆိုတော့ လက်ကကွေးနေတော့ ခွဲစိတ်မှုတွေ ပြန်လုပ်ရမှာပေါ့။ ဒဏ်ရာရရှိခဲ့တဲ့ ခြေထောက်တွေကလည်း အနာလုံးကြီးတွေ ဖြစ်နေတော့ ခွဲစိတ်မှုတွေ ပြန်လုပ်မှရမှာ။ ကျနော်တို့ရင်ခွင်ထဲကို သားငယ်လေး ပြန်ရောက်လာတဲ့ အတွက်ကြောင့် မကျန်းမမာတဲ့ကလေးကို ဆေးကုသခွင့်ရတော့မှာဆိုတော့ ဝမ်းသာတယ်”လို့ ပြောပါတယ်။
မကွေးနည်းပညာ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား မောင်လျှံဖြိုးအောင်ဟာ စစ်တပ်ကအာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ အချိန်မှာ စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့လို့ ညာဘက်လက် တဖက်ဆုံးရှုံးကာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအပြင်းထန်ရရှိပြီး ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးခံရပြီးနောက် ကျန်းမာရေးကုသမှု ကောင်းမွန်စွာခံယူရခြင်းမရှိသလို မောင်လျှံဖြိုးအောင်ကို ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။