အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ်စပ်မှာ လူ ၃ ယောက် သတ်ဖြတ်ခံလိုက်ရတာဟာ စစ်ဘေးရှောင်တွေအတွက် အလှူငွေတွေ လိမ်လည်ခံလိုက်ရ တာကြောင့် ဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြိုင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။
အဲဒီနယ်စပ်မှာ လူ ၃ ယောက် သတ်ဖြတ်ခံလိုက်ရတာကို မတ် ၂၅ ရက်နေ့မှာ ကြားသိရပြီး ဒီလိုလုပ်ရပ်ကို မြိုင်မြို့နယ်၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြင်းပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ သေဆုံးခဲ့ရသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ အားလုံးနဲ့ထပ်တူ ဝမ်းနည်းရကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်ရပ်ဟာ မြိုင်မြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေလိုအပ်နေတဲ့ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းတွေဝယ်ဖို့ ပြည်သူတွေ လှူဒါန်းလိုက်တဲ့ ငွေကြေးတွေကို မီဇိုရမ်ပြည်နယ်က ပြည်သူတယောက်ဆီမှာ ယုံယုံကြည်ကြည်အပ်နှံထားရာကနေ လိမ်လည်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ငွေတွေကို ပြန်လည်တောင်းခံရမှ ဒီလိုသတ်ဖြတ်တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပြီး မြိုင်မြို့နယ်က ငွေကြေးတွေနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတယောက်နဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့က ပစ္စည်းဝယ်ယူရေးအတွက် ကြားခံလုပ်ပေးသူတယောက်တို့ ပါဝင်ပတ်သက်နေတယ်လို့ ကြားသိရကြောင်း ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တရားဥပဒေအတိုင်း အမှုမှန်ပေါ်ပေါက်ရေးအွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ သမာသမတ်ကျတဲ့ လူပုဂ္ဂိုလ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း မြိုင်မြို့နယ် ကြားကာလ ဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
မြိုင်မြို့နယ်ထဲနေရပ်စွန့်ခွာရတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါး အသုံးအဆောင်တွေကို မီဇိုရမ်ပြည်ကနေဝယ်ယူရရှိနေတာဖြစ်တာကြောင့်လည်း မီဇိုရမ်ပြည်နယ် အစိုးရနဲ့ ပြည်သူတွေ၊ ကူညီပေးနေသူတွေအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က အမျိုးသမီးတယောက်အပါအဝင် ပျောက်ဆုံးနေသူ ၃ ယောက်ရဲ့ မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်းတွေကို မြန်မာ-အိန္ဒိယနယ်စပ်အနီး မြန်မာနိုင်ဘက်ခြမ်းက တောထဲမှာတွေ့ရှိခဲ့ရတယ်လို့ အိန္ဒိယအခြေစိုက် News18 သတင်းမှာ မတ်လကုန်ပိုင်းက ဖော်ပြထားပါတယ်။
အဲဒီ ၃ ယောက်ဟာ မတ် ၁၉ ရက်နေ့မှာ သူတို့နေအိမ်ကနေ မြန်မာနိုင်ငံဘက်ကို ထွက်သွားပြီးတည်းက ပျောက်ဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
သူတို့ကို မြန်မာနိုင်ငံဘက်က သူပုန်အဖွဲ့ဝင်ဟောင်းတွေလို့ ယူဆရသူတွေက ဖမ်းဆီးထားတာကို သိရှိရကြောင်းနဲ့ သူပုန်အဖွဲ့ဝင်ဟောင်းတွေက လက်နက်ဝယ်ယူဖို့ ပေးထားတဲ့ငွေ အပြည့်အဝပြန်မရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတ်ပစ်လိုက်တယ်လို့ ယုံကြည်ရကြောင်း ရဲက ပြောပါတယ်။
မီးကျွမ်းထားတဲ့ အလောင်းတွေကို မြန်မာ-အိန္ဒိယနယ်စပ် ၂ ကီလိုမီတာခန့်အကွာမှာရှိတဲ့ မြန်မာနိုင်ငံဘက်ခြမ်း တောထဲမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ဒီအမှုကို ကျူးလွန်သူတွေဟာ မြန်မာဘက်ကဖြစ်မယ်လို့ ရဲတွေက ယူဆထားပါတယ်။
မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ဝင်ရောက်ခိုလှုံနေသူ ၃၀၀၀၀ ကျော် ရှိနေပြီး မြန်မာနိုင်ငံက ထွက်ပြေးလာသူ အများစုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ချင်းပြည်နယ်ကနေ ထွက်ပြေးလာကြသူတွေဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သား ၃ ယောက် သတ်ဖြတ်ခံရတဲ့နောက်ပိုင်း အိန္ဒိယမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် အများကြီးစိုးရိမ်မိတယ်လို့လည်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။