ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေမှာ ၂၀၂၃ ခု မတ်လ တလတာအတွင်း တိုက်ပွဲပေါင်း ၁၉၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးတဦးအပါအဝင် ၉၀ ကျော် သေဆုံးသွားခဲ့ကြောင်း ကေအန်ယူမူတြော်ခရိုင်က ထုတ်ပြန်ပါ တယ်။
KNLA-အမှတ်(၅)တပ်မဟာနဲ့ စစ်ကောင်စီအပါအဝင် သူတို့ရဲ့ခါးပိုက်ဆောင် BGF (နယ်ခြားစောင့်တပ်)အကြား ထိတွေ့တိုက်ပွဲပေါင်း ၁၉၀ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၉၂ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြပါတယ်။
သေဆုံးသွားတဲ့အထဲမှာ တပ်ခွဲမှူးအဆင့်ရှိသူတဦးပါဝင်သလို တပ်ကြပ်ကြီး ၂ ဦးလည်း ပါဝင်ပြီး သူတို့ရဲ့ စစ်သုံးမော်တော်ယာဉ် ၃ စီးနဲ့ ဆိုင်ကယ်တစီးကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ ဖော်ပြပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်ကလည်း ၄ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ရှိခဲ့ပြီး လက်နက်ကြီး ၁၄၂ လုံးပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦး ထိခိုက်သေဆုံးခဲ့ရပြီး ၅ ဦး ဒဏ်ရာရ ရှိသွားခဲ့ကြောင်းလည်း ဖော်ပြပါတယ်။
ဧပြီ ၁ ရက် ညကလည်း မထောအခြေစိုက် စစ်ကောင်စီတပ်စခန်းကနေပြီး မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဖွေးထော်ရူရွာအတွင်းသို့ အမြောက်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၇၂ အရွယ် အဘွားအို နော်မဆွေသန်းပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး ရွာသား ၄ ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကေအန်ယူ တပ်မဟာ ၅ နယ်မြေ သံလွင်မြစ်ကမ်းပေါ်ရှိ မယ်ခါးထာ့စစ်ကောင်စီ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က မတ်လ ၂၈ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းခဲ့ပါတယ်။