ရန်ကုန်မှာ စစ်ကောင်စီက လာမယ့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပဖို့အတွက် စက်ရုံ၊ အလုပ်ရုံတွေသာမကပဲ စားသောက်ဆိုင်တွေကိုပါ တဆိုင်ကို ကျပ် ၃ သိန်းသတ်မှတ်ကောက်ခံနေတယ်လို့ ဆိုင်ရှင်တွေထံက သိရပါတယ်။
စစ်ကောင်စီက အခုနှစ် သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာကျင်းပဖို့ နည်းလမ်းမျိုးစုံနဲ့ပြုလုပ်နေပြီး ကုန်ကျစရိတ်ကို လုပ်ငန်းရှင်တွေနဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေပါမချန်ပဲ ငွေကြေးတောင်းခံနေတယ်လို့ ရန်ကုန်မြို့က စားသောက်ဆိုင်ပိုင်ရှင်တဦးကပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာ စားသောက်ဆိုင်ဖွင့်ထားသူတဦးက “ထွေအုပ်ရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လိုက်ကောက်နေတာ။ သူတို့ကို ၃ သိန်းပေးရမှာစိုးလို့ ဆိုင်မဖွင့်ဖြစ်တာ တပတ်ကျော်ပြီ။ ပေးစရာလည်းမရှိဘူး။ အခုကသိတဲ့အတိုင်း တရက်တာ ဆိုင်အရင်းအနှီး ရအောင်လုပ်နေရတာ မလွယ်ဘူး” ပြောပါတယ်။
ဒီလိုစားသောက်ဆိုင်တွေအပြင် စက်ရုံ၊ အလုပ်ရုံတွေထံကလည်း လုပ်ငန်း၊ စက်ရုံအကြီး အသေးပေါ်မူတည်ပြီး ကျပ် ၂ သိန်းကနေ၊ ကျပ် ၅ သိန်းလောက်အထိ ကောက်ခံနေ တယ်လို့သိရပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့လမ်းမတွေပေါ်မှာ စည်ကားနေစေဖို့အတွက် ထွေအုပ်ဝန်ထမ်းတွေ သင်္ကြန် လည်ပတ်ရမှာဖြစ်ပြီး၊ ရပ်ကွက်အပိုင်လိုက် ရာမှူးတွေကတဆင့် တအိမ်တယောက် သင်္ကြန် ရေပက်ခံထွက်လည်ပတ်ဖို့အတွက် စည်းရုံးပြောဆိုနေပါတယ်။