အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေက နိုင်ငံအရေးပေါ်အခြေအနေ ကြေညာပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်လုံးကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အပ်နှင်းကြောင်း ကြေညာပြီးတဲ့နောက် သူတို့စိတ်ကြိုက် ဥပဒေတွေကို ပြင်ဆင်တာ၊ ဖျက်သိမ်းတာ၊ အသစ်ပြဋ္ဌာန်းတာတွေ လုပ်လာပါတယ်။ ဒီထဲမှာ တရားစီရင်ရေးနဲ့ပတ်သက်တဲ့ ဥပဒေတွေမှာ ထင်ရှားတာကတော့ ရှေ့တော်သွင်းစာချွန်တော်အမိန့်ကို ပယ်ဖျက်တာ၊ ဥပဒေအထောက်အကူပြု ဥပဒေကို ပြင်ဆင်တာ၊ နိုင်ငံသားများ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေကို ပြင်ဆင်ခြင်း၊ ဧည့်စာရင်းဥပဒေ ပြန်အသက်သွင်းခြင်းနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပြင်ဆင်တာ၊ နည်းဥပဒေထုတ်ပြန်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဥပဒေပါအခွင့်အရေးများ ဆုံးရှုံးသွားခြင်း
အာဏာသိမ်းပြီးနောက် ပထမဆုံးခြေလှမ်းများထဲက တခုမှာ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို တားဆီးရန် စာချွန်တော်အမိန့် တင်သွင်းခွင့်ကို ဆိုင်းငံ့လိုက်တာဟာ မတရားဖမ်းဆီးမှုတွေကို လွယ်ကူစေပြီး တရားရုံးမှာ ဥပဒေမဲ့ဖမ်းဆီးတာတွေရဲ့ တရားမဝင်မှုကို စိန်ခေါ်တုံ့ပြန်ဖို့ မဖြစ်နိုင်တော့ပေ။ လူပေါင်းနှစ်သောင်းခန့်မှာ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရပြီး ယခင်အာဏာမသိမ်းခင်တည်းက ဖမ်းဆီးချုပ်နှောင်ရာမှာ သာမန်လုပ်ထုံးလုပ်နည်းတွေကိုပင် အပြည့်အဝ လိုက်နာမှုမရှိခဲ့ဘဲ ယခုအခြေအနေမှာ လုပ်ထုံးလုပ်နည်းတွေကိုပင် လျစ်လျူရှုထားကာ အများပြည်သူနဲ့ လေ့လာသူတွေအနေနဲ့ ရုံးထုတ်တာနဲ့ တရားရုံးလုပ်ငန်းစဉ်တွေကို လွတ်လပ်စွာ လေ့လာပိုင်ခွင့် မရှိတော့ပေ။
နိုင်ငံတကာဥပဒေစံနှုန်းတွေနဲ့ ဆန့်ကျင်ပြီး စစ်တပ်က ကမကထလုပ်ကာ ၂၀၀၈ ခုနှစ်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အရေးပေါ်အခြေအနေ ကြေညာစဉ်မှာ ပုဒ်မ ၃၈၁ အရ စာချွန်တော်အမိန့် တင်သွင်းခွင့်ကို ဆိုင်းငံ့ထားရန် ခွင့်ပြုထားပြီး အခြေခံဥပဒေမှာ အရေးပေါ်အခြေအနေကာလအတွင်း အခြေခံအခွင့်အရေးများ ပုဒ်မ ၄၁၄ အပါအဝင် အခွင့်အရေးအချို့ကို ကန့်သတ်တာ၊ ရုပ်သိမ်းတာတွေကို ခွင့်ပြုပေးပါတယ်။ ပုဒ်မ ၄၃၂ က အရေးပေါ်အခြေအနေမှာ စစ်အာဏာရှင်တို့၏ လုပ်ရပ်အတွက် အပြစ်ပေး အရေးယူမှု မခံရနိုင်စေရန် အသေအချာ ပြဋ္ဌာန်းထားပြီး “…အဆိုပါ ဆောင်ရွက်ချက်တွေက ဥပဒေအရ တရားဝင်ဆောင်ရွက်တာဖြစ်လို့ အရေးယူခြင်းမျိုးမပြုရ” ဟု ပြဋ္ဌာန်းထားပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူတွေကို စစ်ဆေးဖို့ အကျဉ်းထောင်တွင်း အထူးတရားရုံးများ ဖော်ဆောင်ထားပြီး လေ့လာသူများ တက်ရောက်ခြင်းမှ တားမြစ်ထားပါတယ်။
ထောင်တွင်းတရားရုံး၊ ခြိမ်းခြောက်မှုနဲ့ ရှေ့နေများအခြေအနေ
အကျဉ်းထောင်တွေထဲရှိ မြို့နယ်တရားရုံးတခုမှာ မြို့နယ်တရားသူကြီးတဦးပဲရှိပြီး တရားသူကြီးတွေအနေနဲ့ မိမိစွမ်းဆောင်ရည်ထက် သိသိသာသာ ကျော်လွန်နေတဲ့ အမှုတွေကို ကိုင်တွယ်ဖို့ တာဝန်ပေးခံထားရပါတယ်။ ဥပမာအနေနဲ့ ပဲခူးမြို့နယ်တရားရုံးက တရားသူကြီးမှာ တရက်ကို အနည်းဆုံး အမှုပေါင်း တရာကျော် စစ်ဆေးရပြီး အလားတူ အင်းစိန်အကျဉ်းထောင်ရှိ မြို့နယ်တရားရုံးတခုမှ တရားသူကြီးမှာ တနေ့ကို ရာနဲ့ချီတဲ့ အမှုတွေကို ကြားနာရမယ့်အခြေအနေ ဖြစ်ပါတယ်။ ယခုလို အခြေအနေရှိတဲ့ တရားရုံးတွေနဲ့ ဝန်ထမ်းနည်းပါးတဲ့ တရားရုံးတွေက သက်သေအထောက်အထားတွေကို စစ်ဆေးဖို့နဲ့ သာမန်တရားစီရင်ခြင်းနဲ့ဆိုင်တဲ့ အခွင့်အရေးတွေကိုပင် ကျင့်သုံးခွင့်မပေးတဲ့ အနေအထား ဖြစ်ကြောင်း နိုင်ငံတကာဥပဒေပညာရှင်များအဖွဲ့ (ICJ) က ဖော်ပြထားပါတယ်။
စစ်တပ်က ရှေ့နေတွေကို ရှေ့နေပါဝါတင်ပြီး သူတို့ရဲ့ အမှုသည်တွေကို ကိုယ်စားပြုခွင့်ပြုပေမဲ့ တချို့အခြေအနေတွေမှာ ရှေ့နေတွေရဲ့ ခွင့်ပြုချက်မရှိဘဲ လုံခြုံရေးတပ်ဖွဲ့တွေက တရားခွင်ရှိ ရှေ့နေတွေရဲ့ ဗွီဒီယိုကို ရိုက်ကူးပါတယ်။ ထိုဗွီဒီယိုတွေကို နိုင်ငံပိုင်မီဒီယာတွေမှာ ရံဖန်ရံခါ ထုတ်လွှင့်လေ့ရှိပြီး စစ်တပ်က တရားရုံးတွေမှာ ရှေ့နေများကို ခွင့်ပြုပြီး တရားမျှတတဲ့ တရားစီရင်မှုဆိုင်ရာ ကျင့်ထုံးတွေကို လိုက်နာကြောင်း ဝါဒဖြန့် ဖော်ပြလေ့ရှိပါတယ်။ တက်ကြွတဲ့ ရှေ့နေတချို့က တရားရုံးတွေမှာ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ဖို့ အကျဉ်းထောင်အတွင်းရှိ တရားရုံးတွေကို သွားရောက်ရာမှာ အဆိုပါရှေ့နေတွေအနေနဲ့ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းတို့ကို မကြာခဏ ခံရလေ့ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်စားပြုတဲ့ ရှေ့နေတွေဟာ အများဆုံး ပစ်မှတ်ထားခံရပြီး အင်းစိန်အကျဉ်းထောင် တရားရုံးများမှာ ရှေ့နေများကို ရဲနဲ့ စစ်တပ် နှစ်ဖက်စလုံးက စစ်ဆေးပြီး ၎င်းတို့ရဲ့ မှတ်ပုံတင်မိတ္တူတွေကို ယူဆောင်ထားပါတယ်။ ရဲတွေက ဓာတ်ပုံရိုက်ထားပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရှေ့နေတွေဘက်က ခုခံကာကွယ်တဲ့ မှတ်တမ်းတွေကို မှတ်သားထားပြီး စစ်ကောင်စီထံ တိုင်ကြားထားကြောင်း ထောင်အာဏာပိုင်တွေက ရှေ့နေတွေကို ပြန်လည်ပြောဆိုချက်အရ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ခုခံကာကွယ်ဖို့ တရားခွင်မှ ရှေ့နေ အယောက် ၂၀ ထက်မနည်း တိုက်ရိုက်ဖမ်းဆီးခံခဲ့ရပြီး အများစုက ဖမ်းဆီးခြင်းမှ လွတ်မြောက်ဖို့ ထွက်ပြေးခဲ့ကြပါတယ်။ အာဏာသိမ်းပြီးနောက် ပြင်ဆင်ထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ အရ ကျယ်ပြန့်စွာ လိုရာဆွဲ အဓိပ္ပာယ်ဖွင့်ထားတဲ့ အကြောင်းပြချက်တွေနဲ့ လူအများကို ဖမ်းဆီးထိန်းသိမ်းဖို့ အာဏာပိုင်တွေကို ပိုမိုလုပ်ပိုင်ခွင့်ပေးထားပါတယ်။ ရှေ့နေအများအပြားကို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခဲ့ပါတယ်။ ပုသိမ်မြို့နယ်တရားရုံးရှိ ရဲတပ်ဖွဲ့က အခု စစ်အုပ်ချုပ်ရေးကာလအတွင်း လူနေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးဖို့ ဖမ်းဝရမ်းထုတ်ဖို့ မလိုအပ်ကြောင်း ပြောဆိုထားပါတယ်။
ရှေ့နေတွေက တရားလိုအနေနဲ့ စွပ်စွဲတဲ့ စစ်ကောင်စီကိုယ်စားပြုအရာရှိတွေကို အမှုနဲ့ပတ်သက်ပြီး အပြန်အလှန်မေးခွန်းထုတ် မေးမြန်းတဲ့နေရာမှာ ခြိမ်းခြောက်စိန်ခေါ်မှုတွေနဲ့ အဆိုပါ စစ်နဲ့ ရဲအရာရှိတွေက ရာထူးနဲ့အာဏာအသုံးပြုပြီး ရှေ့နေတွေကို ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်။ ယခင်ကလည်း နိုင်ငံရေးပုဒ်မတွေနဲ့ စွဲခံထားရတဲ့ အမှုသည်တွေအတွက် ရှေ့နေလိုက်ပေးရင်း ရှေ့နေ့အချို့ ဖမ်းဆီးခံထားရတာတွေရှိနေလို့ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် ရှေ့နေတွေအနေနဲ့ ဘယ်လောက်ခုခံကာကွယ်နိုင်တာပဲဖြစ်စေ တရားသူကြီးတွေဘက်က အမြင့်ဆုံးပြစ်ဒဏ်ချမှတ်မှာကို နားလည်ထားပြီး မိမိအမှုသည်ကို အမိန့်မချခင်အထိ ဥပဒေပါအခွင့်အရေးမဆုံးစေရန် မိသားစုကိုယ်စား အပြန်အလှန်ဆက်သွယ်ရေးနဲ့ ဆေးဝါး၊ စားနပ်ရိက္ခာ အဆက်သွယ်မပြတ်စေဖို့ ကိုယ်စားပြုလုပ်ဆောင်နေရတဲ့ သဘောသာဖြစ်နေပါတယ်။
စစ်ခုံရုံးများ
အရပ်သားတွေကို တရားစွဲဖို့ စစ်ခုံရုံးတွေကို ဖွဲ့ထားပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရန်ကုန်နှင့် မန္တလေးတဝန်းရှိ မြို့နယ် ၁၁ ခုမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ အဆိုပါ မြို့နယ်တွေမှာ တိုင်းမှူးက စစ်ဘက်အရာရှိတွေကို အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာ ပေးအပ်ထားပြီး အရပ်သားများအား ရာဇသတ်ကြီးပုဒ်မတွေထဲက ၂၃ ခု ဖောက်ဖျက်မှုနဲ့ စစ်ခုံရုံးများက စစ်ဆေးခဲ့တယ်လို့ နိုင်ငံတကာဥပဒေပညာရှင်များအဖွဲ့က လေ့လာတွေ့ရှိပါတယ်။ အာဏာခွဲဝေမှု တရားဥပဒေစိုးမိုးရေးမူကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်ပြီး အရပ်သားများကို စစ်ခုံရုံးတွေမှာ မစစ်ဆေးဘဲ အရပ်ဘက်တရားရုံးတွေမှာ စစ်ဆေးရမှာ ဖြစ်ပါတယ်။ စွပ်စွဲခံထားရတဲ့ ပြစ်မှုအချို့မှာ “အစိုးရဝန်ထမ်းများနှင့် လုပ်ငန်းများကို ဝတ္တရားနှောင့်ယှက်ခြင်း”၊ “အစိုးရအကြောင်း မဟုတ်မမှန် သတင်းဖြန့်ခြင်း” နှင့် “နိုင်ငံတော် အကြည်ညိုပျက်စေမှု” တို့ဖြစ်ပြီး ပြစ်မှုထင်ရှားပါက သေဒဏ်ဖြစ်ဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် အပါအဝင် ယုတ္တိမတန်သော ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်ပါတယ်။
စစ်ခုံရုံးက ထိန်းသိမ်းခံထားရတဲ့ အရပ်သားတွေကို စီရင်ချက်ချတဲ့ အနည်းဆုံးအမှုပေါင်း ၃၀၀ မကရှိပြီး ခုံရုံးမှာ တပ်မတော်သားသုံးဦး ပါဝင်ပြီး ရှေ့နေတွေအနေနဲ့ စစ်ခုံရုံးမှာ အမှုသည်တွေကို ကိုယ်စားပြုနိုင်ခြင်း မရှိပါ။ သေဒဏ်ချမှတ်ခံရသူနဲ့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသူ အမည်တွေကို စစ်ဘက်ပိုင်မီဒီယာမှ ရံဖန်ရံခါထုတ်ပြန်သည့် အစီရင်ခံစာများမှလွဲ၍ စစ်ခုံရုံးများမှ စီရင်ချက်ချခံရသူများနှင့်ပတ်သက်သည့် အချက်အလက်များကို ရယူပိုင်ခွင့်လည်း မရှိပါ။ လက်ရှိမှာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တော်တော်များများ ရှိနေပါတယ်။
နိုင်ငံတကာစံနှုန်းနဲ့ နိုင်ငံတကာတရားရုံးတွေ အဖွဲ့အစည်းတွေရဲ့ တရားစီရင်ရေးဆိုင်ရာ ဥပဒေတွေအရ အရပ်သားများကို စစ်ခုံရုံးတွေမှာ စစ်ဆေးခြင်းမပြုရန် တားမြစ်ထားပါတယ်။ မတရားအပြစ်ပေးခံရခြင်းကို တိုက်ဖျက်ရန်အတွက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကုလသမဂ္ဂ၏အခြေခံမူ ၂၉ မှာ- “စစ်ခုံရုံးများ၏ စီရင်ပိုင်ခွင့်အာဏာကို တပ်မတော်သားများ ကျူးလွန်ခဲ့သည့် အထူးစစ်ရေးဆိုင်ရာ ပြစ်မှုများအတွက်သာ ကန့်သတ်ထားရမည်”ဟု ထုတ်ပြန်ထားပါတယ်။
အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်ခြင်း
ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခြားမတရားပြုမူခြင်းတွေကို နိုင်ငံတကာဥပဒေတွင် လုံးဝ တားမြစ်ထားပါတယ်။ မြန်မာနိုင်ငံ ရာဇသတ်ကြီး ပုဒ်မ ၃၃၀၊ ၃၃၁ အရလည်း စစ်ဆေးမေးမြန်းစဉ် ညှဉ်းပန်းနှိပ်စက်မှုကို တားမြစ်ထားပါတယ်။ သို့သော် အကျဉ်းသားအများစုက “စစ်ကြောရေးစခန်းများ” မှာ ရက်ပေါင်းများစွာ အချိန်ကုန်ခဲ့ကြပြီး စစ်ကြောရေးနေရာတွေက အကျဉ်းသားတွေကို ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ပြီး တခါတရံ အသတ်ခံရတဲ့ စစ်တပ် အခြေစိုက်စခန်းတွေမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။
သတင်းမီဒီယာတွေနဲ့ အကျဉ်းသားအချို့က အခြားအကျဉ်းသားတွေ အသတ်ခံရမှုကို မျက်မြင်တွေ့ရှိခဲ့ကြောင်း ဆိုထားပါတယ်။ အကျဉ်းသားအများစုကို တုတ်၊ ဝါယာကြိုးများဖြင့် ရိုက်နှက်ခြင်း၊ ဓာတ်လိုက်အောင်လုပ်ခြင်း၊ ကွပ်မျက်ခြင်းနဲ့ အရှင်လတ်လတ် မြေမြှုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆိုထားပါတယ်။ အကျဉ်းကျခံနေရသော အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ခံခဲ့ရကြောင်း ဆိုထားပါတယ်။ အခြားအကျဉ်းသားတွေမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဒဏ်ရာရရှိသူများအား သင့်လျော်တဲ့ ဆေးကုသမှု ခံယူမှုမရှိသလို အကျဉ်းသားအများအပြားမှာ ထောင်အတွင်း စားနပ်ရိက္ခာ လုံလောက်စွာမရရှိခြင်းနဲ့ နေထိုင်ဖို့ အလွန်ခက်ခဲနေကြပါတယ်။ အကျဉ်းသားအများအပြားမှာ လူ ၃၀ သာဆံ့တဲ့ အခန်းတခုမှာ အယောက် ၁၂၀ အထိ အဆမတန်ပြွတ်သိပ်ထည့်သွင်းထားခြင်း ခံနေရပါတယ်။
ကလေးသူငယ်အခွင့်အရေးချိုးဖောက်ခြင်း
ကလေးသူငယ်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်နဲ့ မြန်မာနိုင်ငံဥပဒေတွေမှာ အသက် ၁၈ နှစ်အောက် အကျဉ်းသားတွေကို အရွယ်ရောက်ပြီးသူတွေနဲ့ ခွဲခြားထားရမည်ဟု ပြဋ္ဌာန်းထားပါတယ်။ အရွယ်မရောက်သေးသူတွေကို လက်ရှိအချိန်မှာ အရွယ်ရောက်အကျဉ်းသားတွေနဲ့ အတူထိန်းသိမ်း ထားရှိခြင်းက မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေးဥပဒေပါ ပြဋ္ဌာန်းချက်နဲ့လည်း ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ခိုင်လုံတဲ့ အချက်အလက်များအရ ထိန်းသိမ်းခံထားရသူကလေးတွေကို လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုမှုအပါအဝင် နှိပ်စက်ညှဉ်းပန်းတာနဲ့ အခြားမဖွယ်မရာပြုမူတာ ခံရကြောင်း ဆိုပါတယ်။
ကလေးတွေကို စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်သည်ဟုစွပ်စွဲကာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ အစာနဲ့ရေမရှိခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ ဆေးလိပ်မီးနဲ့တို့ခြင်း၊ မကြာခဏရိုက်နှက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အချိန်ကြာမြင့်စွာ ဖိစီးခံနေရပြီး အတင်းအကျပ်ဝန်ခံလက်မှတ်ရေးထိုးစေပြီးနောက် ပြန်လွှတ်ပေးတာမျိူးရှိခဲ့ပါတယ်။ အရွယ်မရောက်သေးသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ရမယ့်အစား တရားသူကြီးတွေက ကလေးတွေကို ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံရန် တိုက်တွန်းကြပါတယ်။ ဥပမာ အချို့ကိစ္စတွေမှာ တရားသူကြီးများသည် ကလေးများအား ကလေးအချုပ်များမှာထိန်းသိမ်းထားရမယ့်အစား ပထမအဆင့်မှာ ၎င်းတို့အပြစ်ကိုဝန်ခံလာစေပြီး ပြုပြင်ထိန်းသိမ်းရေးစခန်းပို့ရန် ကြိုးပမ်းခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ ယခင်ထဲက အုပ်ချုပ်ရေးအစိုးရတွေရဲ့လွှမ်းမိုးမှုအောက်မှာ ကြီးကြီးမားမားရှိခဲ့ပြီး ဒီမိုကရေစီစနစ်မှာရှိကြတဲ့ အပြန်အလှန်ထိန်းကျောင်းတဲ့စနစ်မျိုးမရှိဘဲ အားနည်းခဲ့ပါတယ်။ အထူးသဖြင့်စစ်အစိုးရတွေ အုပ်ချုပ်တဲ့ကာလတွေမှာ တရားဥပဒေစိုးမှုဆိုတာ ပိုမိုမဖြစ်နိုင်တော့ဘဲ ဥပဒေတွေအစား စစ်တပ်ရဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အာဏာညွှန်ကြားချက်တွေနဲ့ အာဏာရှင်ဆန်ဆန်အုပ်ချုပ်ခြင်းကိုသာ ပိုမိုဖြစ်စေပါတယ်။ လက်ရှိအခြေအနေတွေအရလည်း ဥပဒေတွေကို တရားမျှတမှုရှိအောင်စီရင်ဆောင်ရွက်ရမယ့် တရားသူကြီးတွေနဲ့ ပြည်သူကိုကာကွယ်စောင့်ရှောက်ရမယ့် ရဲတပ်ဖွဲ့တွေက စစ်တပ်ရဲ့ထိန်းချုပ်မှုခံရပြီး မိမိတို့မူလတာဝန်တရားဥပဒေစိုးမိုးရေးကို မဆောင်ရွက်နိုင်တော့ဘဲ တရားစီရင်ရေးကဏ္ဍဟာ ပျက်စီးသွားပြီဖြစ်ပါတယ်။
သန့်ထက်