ထိုင်းနိုင်ငံကို ဗီဇာကြိုတင်လျှောက်ထားစရာမလိုဘဲ လာရောက်လည်ပတ်တဲ့ မြန်မာအပါအဝင် နိုင်ငံအသီးသီးက ခရီးသွားတွေကို အရင်က နေထိုင်ခွင့် ၄၅ ရက် ပေးထားရာကနေ လာမယ့် ၂၀၂၃ ဧပြီ ၁ ရက်ကစပြီး ၁၄ ရက်သာ ခွင့်ပြုတော့မယ်လို့ ဘန်ကောက်မြန်မာသံရုံးက မတ်လ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီလိုထုတ်ပြန်လိုက်တဲ့အပေါ် စီးပွားရေးလုပ်ငန်းရှင်တဦးက “အရင်ကတော့ ၄၅ ရက် နေခွင့်ရတယ်။ အခုက ၁၄ ရက်ပဲဆိုတော့ ကျနော်ကတော့ မြဝတီမှာလည်း ဆိုင်ရှိတယ်၊ မဲဆောက်မှာလည်း ဆိုင်ခွဲရှိတော့ သိပ်တော့ပြဿနာမရှိဘူး။ တခါသွားလည်း ၇ ရက်၊ ၆ ရက်ပေါ့။ ဒါပေမဲ့ ရပ်ဝေးကလာတဲ့ သူတွေကျတော့ ဒုက္ခရောက်တယ်လေ။ အခု မြဝတီ-ကော့ကရိတ်လမ်းပိုင်းကစစ်တွေတအားဖြစ်နေတော့ ရန်ကုန်ကိုပြန်ပြီး ဗီဇာပြန်လျှောက်ဖို့ ဆိုတာကကျ အခက်အခဲဖြစ်သွားမယ်။ လည်ပတ်မှုတွေ လျော့နည်းသွားမယ်ထင်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
၂၀၂၂ အောက်တိုဘာကနေ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ ထိုင်းနိုင်ငံကို ဆိုက်ရောက်ဗီဇာ (Visa on Arrival)နဲ့လာတဲ့ နိုင်ငံသားတွေကို နေထိုင်ခွင့် ၄၅ ရက် ခွင့်ပြုထားတာ သက်တမ်းကုန်ဆုံးပြီဖြစ်လို့ ဧပြီ ၁ ရက်က စတင်ပြီး ရက်ရှည်နေလိုသူတွေအနေနဲ့ ထိုင်းသံရုံး (ရန်ကုန်) မှာ ဗီဇာလာရောက် လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းထိ ထိုင်းနိုင်ငံထဲကို အာရှအရှေ့အလယ်ပိုင်းက ခရီးသည် ၄ သိန်းကျော် လာရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း ခရီးသည် ၂ ဒသမ ၄ သန်းအထိ လာရောက်ခဲ့တယ်လို့ သိရပါတယ်။