ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ကမ္ဘောဒီးယားနယ်စပ် ဆာကယောက်မြို့ရှိ ကြက်သားစက်ရုံတခုက မြန်မာရွှေ့ပြောင်းလုပ်သား ၅၅ ယောက်ဟာ အလုပ်ရှင်က ဒေဝါလီခံရတယ်ဆိုပြီး အလုပ်နားလိုက်တဲ့အတွက် အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
သူတို့ဟာ အဆိုပါစက်ရုံမှာ လာရောက်လုပ်ကိုင်နေတာ ၄ လလောက်ပဲရှိသေးပြီး အလုပ်ရှင်က လျော်ကြေးမပေးဘဲ အလုပ်ဖြုတ်ခံလိုက်ရတာလို့ အလုပ်သမားတွေ အဆင်ပြေရေး လိုက်လံညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ MHAC (Myanmar Humanitarian Action Center) မဟာမိတ်အဖွဲ့ စီမံအုပ်ချုပ်သူ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့မှာ အပြစ်မရှိဘဲ အလုပ်ထုတ်ခံရတယ်ဆိုတာကို အလုပ်သမားတွေက ပြီးခဲ့တဲ့ ၂၆ ရက်နေ့က ဆက်သွယ်အကြောင်းကြားလာပါတယ်ခင်ဗျ။ အလုပ်သမားဥပဒေအရ အပြစ်မရှိဘဲ ရုတ်တရက် အလုပ်ဖြုတ်ခံရတယ်ဆိုရင် အလုပ်ရှင်က ထိုက်သင့်တဲ့ လျော်ကြေးငွေ ရရမှာဖြစ်တယ်။ ဒါပေမဲ့ သူတို့က လျော်ကြေးမရတဲ့အပြင် နောက်ထပ် အသစ်ရှာဖို့လည်း အခက်အခဲဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့က သူတို့ကို စေလွှတ်လိုက်တဲ့ မိုးမာန်အေဂျင်စီကိုရော ခရိုင်အလုပ်သမားကာကွယ်ရေးရုံးကိုပါ အကြောင်းကြားပြီး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရဖို့ အလုပ်သမား သံအရာရှိဟောင်း ဦးဝေလင်းမောင် (CDM) နဲ့အတူ လိုက်လုပ်ပေးနေပါတယ်ခင်ဗျ။”
မိုးမာန်အေဂျင်စီက သူတို့အတွက် အလုပ်အကိုင်သစ် ရှာဖွေပေးနေဆဲဖြစ်ပြီး အလုပ်ရှင်ဆီကတော့ နစ်နာကြေးတွေပြန်ရဖို့ နားရက်တွေ၊ လစာနဲ့ ခံစားခွင့်တွေ ပြန်လည်တွက်ချက်နေတုန်းပဲလို့ သူက ဆက်ပြောပါတယ်။
အလုပ်ပြုတ်သွားပေမဲ့ စက်ရုံက သူတို့ကို ချက်ချင်းနှင်မထုတ်သေးဘဲ အလုပ်ရှာနေဆဲ ကာလအတောအတွင်း အရင်နေရာမှာ နေခွင့်ပြုထားလို့ တော်သေးတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံထဲကို တရားဝင်အနေနဲ့ရော၊ တရားမဝင်အနေနဲ့ပါ လာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားဦးရေတွေ နေ့စဉ်နဲ့အမျှ ပိုများလာတယ်လို့ MHAC အဖွဲ့က ပါတယ်။
အဓိကမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ၊ MOU မှာ လက်မှတ်ထိုးခဲ့တဲ့ ကတိကဝတ်တွေ ဖောက်ဖျက်ခံရတာ၊ မြန်မာပြည်မှာတုန်းက အလုပ်ရမယ်ဆိုပြီး ပွဲစားက ငွေယူထားကာမှ ဒီရောက်တော့ အလုပ်မရှိတာ၊ စာချုပ်ထဲကအလုပ်နဲ့ တကယ်လာလုပ်ရတဲ့အလုပ် တခြားစီဖြစ်နေတာ စတဲ့အခက်အခဲတွေရှိကြောင်း၊ ဒါကြောင့် ထိုင်းကိုဝင်လာမယ့် အလုပ်သမားတွေ သေချာစိစစ်စဉ်းစားပြီးမှ ဝင်လာသင့်တယ်လို့ အကြံပြုထားပါတယ်။