Home
မြန်မာသတင်း
မွန်နိုင်ငံရေးပါတီ ၂ ခု စစ်ကောင်စီကော်မရှင်ထံ မှတ်ပုံတင်ပြန်လျှောက်
DVB
·
March 28, 2023
0000

မွန်တိုင်းရင်းသားနိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီနဲ့ အမျိုးသမီးပါတီ(မွန်)တို့ဟာ စစ်ကောင်စဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှာ ပါတီမှတ်ပုံတင်ခွင့် ပြန်လည် လျှောက်ထားခဲ့ပါတယ်။

အမျိုးသမီးပါတီ(မွန်)ဟာ တနိုင်ငံလုံးစည်းရုံးမယ့် ပါတီအဖြစ် ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့မှာ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ မွန်ညီညွတ်ရေးပါတီကတော့ ပြည်နယ်အဆင့်မှာပဲ စည်းရုံးလှုပ်ရှားမယ့် ပါတီအဖြစ် မတ် ၁၅ ရက်နေ့မှာ မှတ်ပုံတင်ခဲ့တာလို့ စစ်ကောင်စီ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားရတာဟာ မွန်ပြည်သူတွေ အပါအဝင် မွန်အမျိုးသမီးနဲ့ ထိတွေ့ဆက်ဆံနိုင်အောင်နဲ့ သူတို့အရေးတွေ ဆောင်ရွက်ပေးနိုင်ဖို့ မှတ်ပုံတင်ရတာလို့ အမျိုးသမီးပါတီ(မွန်) ဥက္ကဋ္ဌ မိသန်းရှင်က ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တနိုင်ငံလုံးစည်းရုံးမယ့် ပါတီအဖြစ် ဆောင်ရွက်ဖို့ အခက်အခဲ ရှိပေမယ့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ပါတီရုံးခန်တွေ ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာတော့ တနိုင်ငံလုံး စည်းရုံးမယ့်ပါတီဖြစ်ရင် ပါတီမှတ်ပုံတင်တဲ့ ရက်ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁ သိန်း ရှိရမှာဖြစ်သလို မြို့နယ်ပေါင်း ၁၆၅ မြို့နယ်မှာ ပါတီရုံး ဖွင့်လှစ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

မွန်ပြည်နယ်အဆင့်မှာပဲ မှတ်ပုံတင်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီကတော့ ပါတီမှတ်ပုံတင်ရတာဟာ ပါတီဆက်လက် ရှင်သန်ရေးအပါအဝင် ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့အတွက် လုပ်ဆောင်ခဲ့တာလို့ ဒီဗွီဘီကို ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုတဲ့ နိုင်ငံရေးပါတီတွေဟာ မတ် ၂၈ ရက်နေ့မှာ နောက်ဆုံးထားပြီး မှတ်ပုံတင်ခွင့်လျှောက်ထားရမှာ ဖြစ်ပြီး မှတ်ပုံမတင်ပါက နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်မယ်လို့ ပြဋ္ဌာန်းထားပါတယ်။

စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ  မတ် ၂၇ ရက်နေ့အထိ တနိုင်ငံလုံး စည်းရုံးမယ့် နိုင်ငံရေးပါတီ ၁၂ ပါတီ၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အဆင့်မှာပဲ စည်းရုံမယ့် ပါတီ ၄၀ ပါတီ၊ စုစုပေါင်း နိုင်ငံရေးပါတီ ၅၂ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024