အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် ပါဝင်ဆွေးနွေးသွားမယ့် "တကျော့ပြန် ဖက်ဆစ်တော်လှန်ရေး" စကားဝိုင်း ကျင်းပသွားဖို့ ရှိနေပါတယ်။
မတ်လ ၂၇ ရက် အခုညနေ ၃ နာရီမှာ ပြုလုပ်မယ့် ဒီစကားဝိုင်းမှာတော့ ဦးနိုင်ထူးအောင်နဲ့အတူ CDM ဗိုလ်ကြီး ကိုလင်းထက်အောင်၊(PDF ရဲဘော်တယောက်ဖြစ်တဲ့ ဂျော့ရှ်၊ Student Armed Force က ရဲဘော်တယောက်ဖြစ်တဲ့ မဟန်နီနွေဦးတို့ကလည်း ပါဝင်ဆွေးနွေးသွားကြမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ တော်လှန်ခဲ့တဲ့ ဖက်ဆစ်ဂျပန် တော်လှန်ရေးဟာ ၇၈ ပြည့်ပြီဖြစ်ပေမယ့် လတ်တလောအချိန်မှာတော့ စစ်အာဏာရှင်ကိုတော်လှန်တဲ့ တကျော့ပြန် ဖက်ဆစ်တော်လှန် ရေးကတော့ ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေဟာ ဒီမိုကရေစီအတွက် နှစ်ရှည်လများ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပေမဲ့ စစ်အာဏာရှင်တွေဟာ ပြည်သူဆန္ဒကို လစ်လျူရှုပြီး ပြည်သူကို အကြမ်း ဖက်ရက်စက်ခဲ့ကြလို့ လက်နက်ကိုင် ဖက်ဆစ်တော်လှန်ရေးအဖြစ် ကူးပြောင်းလာပုံ၊ စစ်ပွဲတစ်ခုမှာ လေကြောင်းထိုးစစ်က ဘယ်လောက် အရေးကြီးလဲ၊ စစ်ပွဲတစ်ခု အနိုင်အရှုံးအတွက် အဆုံးအဖြတ်ကဘာဖြစ်မလဲစတာတွေဆွေးနွေးကြမှာပါ။
ဒါ့အပြင်တကျော့ပြန် ဖက်စစ်တော်လှန်ရေးလူငယ်တွေဖြစ်ကုန်ကြရတဲ့ အပေါ် လူငယ်တွေရဲ့အမြင်၊ Dragon Fly လို Campaign က ပြည်သူတွေရဲ့ ထည့်ဝင်မှုတွေက တော်လှန်ရေးကို ဘယ်လို အထောင်အကူပြုနေပြီလဲ၊ ပြောသင့်တာမပြောပြန်ရင် ထိန်ချန်မှု၊ မပြောသင့်တာ ပြောမိပြန်ရင် ပေါက်ကြားမှု ဒီအစွန်း ၂ ဘက်မှာ စစ်ရေး၊ လုံခြုံရေးနဲ့ တော်လှန် ရေးအတွက် ဘယ်လို ချိန်ညှိသင့်လဲ၊ တော်လှန်ရေးမှာ fundraiserတွေရဲ့ အရေးပါပုံ၊ အခက်အခဲနဲ့ အချို့စစ်ရေး၊ လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ အခြေအနေအရ အလုံးစုံ ပြန်လည်အသိမပေးနိုင်တဲ့ အခြေ အနေ ဘာတွေရှိနေလဲ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ သခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။