Home
မြန်မာသတင်း
ဒီးမော့ဆို စစ်ရှောင်များ ဝဲယားနာ အစုလိုက်အပြုံလိုက် ဖြစ်ပွားနေ
DVB
·
March 18, 2023
336771756_1651470661976649_723778121000404401_n

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ ဝဲယားနာတွေ အဖြစ်များနေကြတယ်လို့ စစ်ရှောင်ကူညီပေးသူက ပြောပါတယ်။

ကရင်နီပြည်နယ် အရှေ့ဘက်အခြမ်းကနေ စစ်ကောင်စီတပ်တွေ စစ်ကြောင်းတွေထိုးလာလို့ ပြည်သူတွေက အနောက်ဘက်အခြမ်းကို အရေးပေါ်နေရာ ရွှေ့နေရတဲ့ ပြည်သူတွေမှာ ဝဲယားနာ အရေအပြားရောဂါတွေ ပါလာတာလို့ သိရပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှုအပါအဝင် တကိုယ်ရေးသန့်ရှင်းမှု အားနည်းပြီး တဲကျဉ်းကျဉ်းလေးထဲမှာ လူရာနဲ့ချီ ပြွတ်သိပ်နေရတာကြောင့် ဝဲယားနာတွေက တယောက်စ နှစ် ယောက်စကနေ အစုလိုက်အပြုံလိုက် ဖြစ်ပွားနေတာလို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပါတယ်။ 

HOPE - The Humanitarian Organization တာဝန်ရှိသူက “အခုရောဂါလက္ခဏာဖြစ်ပွားနေတဲ့ အရေအတွက်အားဖြင့် အတိအကျတော့ စာရင်းမထုတ်နိုင်သေးဘူး။ အခုရက်ပိုင်းမှာက တိုးလာတဲ့ စစ်ရှောင်အရေအတွက် စာရင်းတောင် အတိအကျထုတ်ဖို့ ခက်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။ မနေ့က ရောက်ခဲ့တဲ့ လူ ၃၀၀၊ ၄၀၀ လောက်ရှိတဲ့ စခန်းတခုတည်းမှာပဲ ခန္ဓာကိုယ်အနှံ့ဖြစ်နေတာဆိုရင် အယောက် လေးငါးဆယ် လောက်ရှိတဲ့အပြင် စဖြစ်ခါစ ပုံစံလေးတွေလည်း တွေ့ရတယ်။”

ကလေးရော လူကြီးတွေမှာပါ ဝဲယားနာတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ 

“ရောဂါလက္ခဏာအနေနဲ့က ယားတာပေါ့နော်။ အရေးအပြားပြဿနာက ခေါင်းစဉ်ကွဲတွေ အများကြီးရှိတယ်။ လောလောဆယ် စစ်ရှောင်တွေမှာ ဖြစ်နေတာတွေက စစချင်းမှာ အဖုတွေ ပေါက်လာတယ်၊ ကြာသွားပြီဆိုရင် ခြောက်သွားပြီး ယားတာ၊ စပ်တာတို့ဖြစ်တယ်။ တချို့ဆို တကိုယ်လုံးယားပြီး ကုတ်ကြလို့ သွေးတွေတောင်ထွက်တယ်။  ကျနော်တို့ နိုင်သလောက်အနေအထားနဲ့ အနီးနားမှာရှိတဲ့ စီနီယာဆရာဝန်တွေကို အကူအညီတောင်းပြီး ကြည့်ပေးနေတယ်။ ဆရာဝန်ညွှန်ကြားချက်တွေအတိုင်း ဆေးတွေပေးတယ်။ တကိုယ်ရေသန့်ရှင်းမှု အနေနဲ့ ဆပ်ပြာခဲတွေ ပေးတယ်။ ဒီရောဂါပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပလန်တွေ ဆွဲနေတယ်။” 

ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ပြည်သူတွေ ဝိုင်းဝန်းကူညီပေးကြဖို့လည်း HOPE - The Humanitarian Organization တာဝန်ရှိသူက တောင်းဆိုထားပါတယ်။ 

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်စုစုပေါင်း ၂ သိန်းနီးပါးရှိနေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024