မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ မတ်လ ၁၄ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ဂိတ်စခန်း ၂ ခု တပြိုင်နက်တည်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ သရက်ခရိုင် တပ်ရင်း-၄ Eagle Force ကနေ သိရပါတယ်။
မင်းတုန်းမြို့ ပုသိမ်-မုံရွာကားလမ်းဘေးက စစ်ကောင်စီတပ်သား အင်အား ၁၀ ယောက်လောက် တပ်စွဲထားတဲ့ ၅ မိုင် စစ်ဆေးရေးဂိတ်ကို ဒီနေ့ မတ်လ ၁၄ ရက် မနက် ၆ နာရီလောက်မှာ ဗုံးပစ်လောင်ချာနဲ့ ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Eagle Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာတော့ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာကြောင့် ၁ ကြိမ်သာ ပစ်ခတ်ခဲ့ရပြီး ပြန်ဆုတ်ခဲ့ရပြီး ပစ်မှတ်ကို ကျော်ကျသွားတာကြောင့် ထိခိုက်မှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ စပါးတန်းကျေးရွာ စစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်ကို ဒရုန်း ၂ စင်းနဲ့ ဗုံးသီး ၂ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့လို့ ပစ်မှတ်ကို တည့်တည့်ကျတာကြောင့် ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ကိုမြတ်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင်တပ်ရင်း-၄ Eagle Force၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့နဲ့ ကျောင်းသားလက်ရုံးတပ်-SAF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ ရဲဘော်ဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။