လက်ရှိ ထိုင်းနိုင်ငံကို အခွန်လွတ်ပြောင်း တင်ပို့ရာသီဖြစ်ပြီး ထိုင်းဘက်က ဝယ်လိုအားလည်း ရှိနေပေမဲ့ ထိုင်းဘတ်ငွေဈေး ကျဆင်းနေတာကြောင့် ပြည်တွင်းပြောင်းဈေးနှုန်း ကျဆင်းနေတယ်လို့ ပြောင်းကုန်သည်တွေထံက သိရပါတယ်။
မြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆန်တွေ ထိုင်းနိုင်ငံကို တင်ပို့ရာမှာ နှစ်နိုင်ငံ သဘောတူညီချက်အရ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၃၁ ရက်အထိကို အခွန်ကင်းလွတ်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။
ပြောင်းကုန်သည်တဦးက “မြန်မာငွေဈေးမာပြီး ထိုင်းဘတ်ဈေးကျနေတော့ ပြောင်းဈေးလည်း အကျဘက် ရောက်နေပါတယ်။ ထိုင်းဘက် ပြောင်းဝယ်လိုအားကတော့ ရှိနေတယ်” လို့ ပြောပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးနှုန်းအရ ပြည်တွင်းပြောင်းဈေးနှုန်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တတိယပတ်မှာ တပိဿာကို ၁,၃၀၀ ကျပ် ရှိခဲ့ပါတယ်။ အခု မတ်လ ပထမပတ်မှာတော့ တပိဿာကို ၁,၂၀၀ ဝန်းကျင်ထိ ကျဆင်းနေပါတယ်။
ထိုင်းဘတ်ငွေဈေး ကျဆင်းနေတဲ့ အချက်အပြင် ကုန်သွယ်ရေးမူဝါဒ အခက်အခဲတွေ၊ ကုန်စည်တင်ပို့ရာမှာ လမ်းကြောင်းလုံခြုံရေး အခက်အခဲ၊ သယ်ယူစရိတ် ပိုကုန်ကျမှုတွေကလည်း ပြည်တွင်းပြောင်းဈေးနှုန်းအပေါ် သက်ရောက်မှုရှိနေတယ်လို့ ပြောင်းလုပ်ငန်းအသိုင်းအဝိုင်းက ဆိုပါတယ်။
“မူဝါဒတွေကြောင့် လုပ်ရကိုင်ရ တအားခက်တယ်။ အချိန်တွေကြန့်ကြာတယ်။ ကုန်ကျစရိတ် ပိုများလာတယ်။ ပြီးတော့ ကျပ်ငွေစျေး ပြန်မာလာပြီး ဘတ်စျေး ပျော့သွားတာကြောင့်လည်း ပါတယ်။ နောက်ပြီး လမ်းကြောင်းလုံခြုံရေးကလည်း တပိုင်းပေါ့” လို့ မြဝတီကို ပြောင်းတင်ပို့နေတဲ့ ကုန်သည်တဦးက ပြောပါတယ်။
ပြောင်းကို ပြည်ပတင်ပို့ရောင်းချရာမှာလည်း ပို့ကုန်ရငွေ (နိုင်ငံခြားငွေ) ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ ကျပ်ငွေ လဲလှယ်ရပါတယ်။ အပြင်ပေါက်ဈေးနဲ့ ဗဟိုဘဏ် သတ်မှတ်ဈေး ကွာဟချက်က ပြည်တွင်း ပြောင်းစိုက်တောင်သူတွေကိုပါ အမှန်ရသင့်ငွေထက် လျော့နည်းရရှိစေတယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီချမှတ်ထားတဲ့ ပြည်ပဝယ်သူက ငွေအကြေပေးပြီးမှ ကုန်ပစ္စည်းရောင်းချခွင့် ပြုထားတဲ့ မူဝါဒကလည်း ပြောင်းတင်ပို့ရောင်းချရာမှာ လုပ်ကိုင်ရ ခက်ခဲစေတယ်လို့ ပြောင်းလုပ်ငန်းအသိုက်အဝန်းက သိရပါတယ်။
“ပြောင်းကိုမမြင်ရဘဲ ငွေအကြေပေးပြီး မှာယူဝယ်ဖို့ဆိုတာ သူတို့အနေနဲ့ စဉ်းစားချင့်ချိန်စရာပါပဲ။ ငွေအကြေပေးပြီးမှ တင်ပို့ခွင့်ပြုထားတာဆိုတော့ နိုင်ငံခြားက ငွေအကြေမထည့်ရင် ပြောင်းရောင်းသူက ကိုယ့်ဘာသာထည့်ပေါ့။ ပြောင်းဝယ်ယူရတဲ့ ငွေက တရင်း၊ ပြောင်းကုန်သွယ်ဖို့ ငွေထည့်လိုက်ရတာက တရင်း၊ ပြောင်းရောင်းဖို့ကို နှစ်ခါရင်းမှ ရနိုင်တဲ့ အနေအထား” လို့ ပြောင်းဈေးကွက် လေ့လာစောင့်ကြည့်သူတဦးက ပြောပါတယ်။
အခုနှစ်မှာ ထိုင်းနိုင်ငံက မြန်မာ့ပြောင်းဆန် အများဆုံးဝယ်ယူတဲ့ နိုင်ငံအဖြစ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ မြန်မာ့ပြောင်းဆန်ကို ထိုင်းနဲ့ တရုတ်နိုင်ငံတို့က နယ်စပ်လမ်းကြောင်းကနေ ဝယ်ယူနေတာ ဖြစ်ပြီးတော့ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့က ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကတဆင့် ဝယ်ယူနေတာ ဖြစ်ပါတယ်။
ပြည်ပ ပြောင်းတင်ပို့မှုက တနှစ်ကို ပျဉ်းမျှတန်ချိန် ၂ သန်းရှိပြီး အခုနှစ်မှာတော့ မူဝါဒနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် လျော့ကျနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။
နှစ်စဉ် ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်တဲ့ ပြောင်းတန်ချိန် တနှစ်ကို ၂ သန်းခွဲဝန်းကျင်ရှိပေမဲ့ အခုနှစ်မှာလည်း နိုင်ငံရေးမတည်ငြိမ်မှုရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေနဲ့ သွင်းအားစု စျေးကြီးမြင့်မှုကြောင့် ပြောင်းစိုက်ပျိုးထုတ်လုပ်နိုင်မှုပမာဏ လျော့ကျနိုင်တယ်လို့လည်း ေပြာင်းလုပ်ငန်းအသိုင်းအဝန်းက ခန့်မှန်းထားကြပါတယ်။