မကွေးတိုင်း၊ နတ်မောက်မြို့မှာ မတ် ၄ ရက် မွန်းလွဲပိုင်းက မြို့နယ်ပညာရေးမှူးကို သေနတ်နဲ့ ဒေါင်းစစ်သည်ပြောက်ကျားတပ်(နတ်မောက်)နဲ့ ပူးပေါင်းပြီး ပစ်သတ်ခဲ့တယ်လို့ မကွေး ပြောက်ကျားတပ်ဖွဲ့-MGW က ထုတ်ပြန်ပါတယ်။
နတ်မောက်-ပျော်ဘွယ်ကားလမ်း ပြည်သူ့ဆေးရုံနားမှာ မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်ကို မနေ့က မွန်းလွဲ ၁ နာရီလောက်မှာ သေနတ်နဲ့ ၅ ချက်ပစ်ခတ်ခဲ့တာလို့ မကွေးပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် ဦးသန်းထိုက်ရဲ့ ဦးခေါင်း၊ ဝမ်းဗိုက်နဲ့ ရင်အုံတွေမှာ သေနတ်ဒဏ်ရာ ၅ ချက် ထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမြို့နယ်ပညာရေးမှူးဟာ နယ်မြေခံ PDF တွေကို စိန်ခေါ်တာ ၊CDM ဆရာ/ဆရာမတွေကို ဖိအားပေးခြိမ်းခြောက်တာတွေ၊ လာဘ်ပေးလာဘ်ယူ လုပ်တာ၊ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် မဲဆွယ်တာတွေ လုပ်နေလို့ ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ Non CDM ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့အလိုကျ ပြုလုပ်နေမယ်ဆိုရင် ထပ်မံ ပစ်ခတ်ရှင်းလင်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။