မန္တလေး၊ ပြင်ဦးလွင်မြို့၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ညနေ ၄ နာရီ ၁၅ မိနစ်လောက်က ဆိုင်ကယ်နဲ့ကား မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ အမျိုးသမီး နှစ်ယောက်အနက် မောင်းသူအမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပြင်ဦးလွင်အခြေစိုက် လူမှုကူညီရေးအသင်းတခုဆီက သိရပါတယ်။
မနေ့ညနေပိုင်းမှာ ရပ်ကွက်ကြီး ၆၊ သစ်တောလမ်းထောင့်ရှိ ခေါက်ဆွဲဆိုင်နားမှာ သစ်တောလမ်းရှိ ညဈေးတန်းကနေ ပြန်လာတဲ့ ဆိုင်ကယ်စီး အမျိုးသမီး ၂ ဦးရဲ့ ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီး အမျိုးသားတဦးကနေ လုယူသွားတာကြောင့် လုယက်သူနောက်ကို ဆိုင်ကယ်နဲ့လိုက်နေချိန်မှာ အရှိန်မထိန်းနိုင်တော့ဘဲ လိုက်ထရပ်ယာဉ်နဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။
ထိခိုက်ဒဏ်ရာရရှိသူဟာ အသက် ၃၀ အရွယ်၊ ရပ်ကွက်ကြီး ၂ မှာ နေထိုင်သူ အမျိုးသမီးတဦးလို့ သိရတဲ့အပြင် ယာဉ်တိုက်မှုကြောင့် ညာဘက်ပေါင်ကျိုး၊ ညာလက်ကောက်ဝတ် အဆစ်လွဲ ဒဏ်ရာနဲ့ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး ဖုန်းတလုံး၊ ကျပ်ငွေ ၅၀,၀၀၀ ခန့်ပါ ပိုက်ဆံအိတ် လုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။
“ပိုက်ဆံအိတ်အလုခံရတဲ့နောက်ကို ကောင်မလေး နှစ်ယောက်က ပြန်လိုက်တာ။ လိုက်ရင်းကနေ အရှိန်လွန်ပြီးတော့ တဖက်က လိုက်ထရပ်ကို ပြန်ဝင်တိုက်တာ။ ရပ်ကွက်ကြီး ၆ သစ်တောလမ်းမှာ ဖြစ်တာပါ။ တဦးကတော့ တော်တော်ပြင်းတယ်၊ ခေါင်းရော၊ မျက်နှာရော၊ ပေါင်ရော၊ ပေါင်လည်းကျိုးတယ်၊ ညာဘက်လက်မောင်း အဆစ်လွဲတယ်၊ ခေါင်းလည်း နည်းနည်းထိခိုက်ဒဏ်ရာရရှိထားတယ်။ တယောက်ကတော့ ဘာမှ မဖြစ်သွားဘူး၊ ကားသမားလည်း ဘာမှမဖြစ်ပါဘူး” လို့ မြို့ခံလူမှုကူညီရေးအသင်းက ပြောပါတယ်။
ပိုက်ဆံအိတ်လုယက်သူကိုတော့ ဖမ်းမမိသေးဘူးလို့ သိရတဲ့အပြင် လူနာအမျိုးသမီးကို ပြင်ဦးလွင်ဆေးရုံ ပို့ဆောင်ထားပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပြီလို့ မြို့ခံလူမှုကူညီရေးအသင်းဆီက သိရပါတယ်။