ပလတ်စတစ် အမှိုက် ၁ ပိဿာ ကျပ် ၁၀၀ ပေးဝယ်ပြီး ကမ်ပိန်းလုပ်နေတဲ့ သန့်မြန်မာဟာ ရန်ကုန်မြို့နယ် ၄ ခုက ပလတ်စတစ်အမှိုက်ကို ကျပ် ၁၇ သိန်းကျော်ဖိုး ဝယ်ယူခဲ့တယ်လို့ အဲဒီအဖွဲ့က သိရပါတယ်။
အခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ တမြို့နယ်ကို တကြိမ်စီဆောင်ရွက်ခဲ့ရာမှာ တောင်ဒဂုံ မြို့နယ်မှာ အမှိုက် ၂၇၅၆ ပိဿာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၅၆၇၆ ပိဿာနဲ့ သန်လျင်မြို့နယ်မှာ အမှိုက် ၆၉၄၄ ပိဿာ၊ ရွှေပြည်သာမြို့နယ်မှာ ၂၃၃၆ ပိဿာကို ကျပ် ၁,၇၇၁,၂၀၀ ဖိုး ဝယ်ယူ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
သန့်မြန်မာက တာဝန်ရှိသူတဦးက "အဓိကက ပရောဂျက် ဧရိယာက အမှိုက်တွေကို ရှင်းချင် လို့ပါ။ အဲဒီနေရာတွေမှာ အမှိုက်စီမံခန့်ခွဲမှုစနစ်နဲ့ အမှိုက်သိမ်းစနစ်ကို ထူထောင် မပေးခင်က ရှိပြီးသား အမှိုက်တွေ ရှိတယ်။ လမ်းဘေးပစ်ထားတဲ့ဟာတွေ၊ အိမ်နားပစ်ထားတဲ့ ဟာတွေ ကျန်သေးတယ်။ အဲဒီအမှိုက်တွေ ရှင်းချင်လို့ ဒီလိုမျိုး လုပ်ဖြစ်တာပါ" လို့ ပြောပါတယ်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ အမှိုက်စီမံခန့်ခွဲမှုစနစ် လက်လှမ်းမမီတဲ့ မြို့နယ် ၄ ခုကို ပရောဂျက်ဧရိယာအဖြစ် ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။
သန့်မြန်မာတာဝန်ရှိသူက "အမှိုက်သိမ်းစနစ် လုပ်ခဲ့အခါမှာလည်း လူထုအခြေပြုအနေနဲ့ ရပ်ကွက်ထဲက လူတွေကပဲ ဦးဆောင်ပြီးတော့ အမှိုက်သိမ်းပေးတယ်။ အဲဒီ ပုံစံမျိုးနဲ့ သွားတာပါ။ အဓိကကတော့ လူထုပါဝင်မှု အားကောင်းတယ်။ သူတို့အနေနဲ့ ကောက်ပေးတဲ့အတွက် ၁ ပိဿာ ကျပ် ၁၀၀ ပြန်ရတဲ့အတွက် တော်တော်များများလည်း လာရောင်းကြပါတယ်"လို့ ဆက်ပြော ပါတယ်။
လက်ရှိ အမှိုက်ဝယ် ကမ်းပိန်းမှာ ပလတ်စတစ်အမှိုက်တွေသာ ဝယ်ယူတာ ဖြစ်ပြီး သစ်ရွက်ခြောက်နဲ့ မြေဆွေးလုပ်လို့ရတဲ့ အမှိုက်တွေကို မဝယ်ယူဘူးလို့ သိရပြီး သိမ်းဆည်းရမိတဲ့ ပလတ်စတစ်အမှိုက်တွေကိုတော့ သတ်မှတ်ထားတဲ့ အမှိုက်ပုံမှာပဲ စွန့်ပစ်တယ်လို့ သိရပါတယ်။
ဒီအမှိုက် ၁ ပိဿာ ကျပ် ၁၀၀ ပေးဝယ်တဲ့ အစီအစဉ်ကို ရန်ကုန်၊ ဒလမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းက ပြုလုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ( သန့်မြန်မာ )