စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့ (People's Power Defence Force) နဲ့ မိုးကြိုး GOBA အဖွဲ့ကို ကျေးရွာ ၃ ရွာက ပြည်သူတွေ စုပေါင်းပြီး ဖေဖော်ဝါရီ ၁၂ ရက်က ငွေကျပ် သိန်း ၁၈၀ အပါအဝင် ရွှေဆွဲကြိုးတကုံး၊ နားကပ်နှစ်ရံကို လှူဒါန်းခဲ့ကြတယ်လို့ PPDF ခေါင်းဆောင် ကိုဇွဲက ဒီဗွီဘီကို ပြောပါတယ်။
“ပြည်သူတွေရဲ့ အခုလို ကူညီလှူဒါန်းမှုတွေကြောင့် တော်လှန်ရေးကို အောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်စိတ်ကို ပိုမိုခိုင်မာခဲ့ရတဲ့အတွက် အထူးကျေးဇူးတင် ဝမ်းသာပီတိ ဖြစ်ရပါတယ်။”
အဲဒီဒေသမှာ စစ်ကြောင်းမရှိလို့ တိုက်ပွဲဖော်ဆောင်တာ မရှိသေးပေမဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ အခုလို ထောက်ပံ့မှုကို ကျေးဇူးအထူးတင်ရှိသလို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီးဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ကတိပြု ပြောပါတယ်။