Home
မြန်မာသတင်း
နွေဦးကျန်းမာဆေးရုံရန်ပုံငွေအတွက် “ကျန်းမာရှေ့ဆက် စစ်တပ်အမြစ်ဖြတ်” ကမ်ပိန်းတွင် ပါဝင်နိုင်
DVB
·
February 10, 2023
329744593_711868640315690_5450858268389350359_n

တော်လှန်နယ်မြေတနေရာမှာ ဖွင့်လှစ်ထားတဲ့ “နွေဦးကျန်းမာ” ဆေးရုံမှာ လိုအပ်တဲ့ ဆေးဝါးနဲ့ စက်ပစ္စည်းလိုအပ်ချက်တွေအတွက် “ကျန်းမာရှေ့ဆက် စစ်တပ်အမြစ်ဖြတ်” ကမ်ပိန်းမှာ ပြည်သူတွေအနေနဲ့ အားလုံးပါဝင်နိုင်ဖို့ ဆေးတက္ကသိုလ် ၂၊ ရန်ကုန် ကျောင်းသားကော်မတီက ဖိတ်ခေါ်ထားပါတယ်။

“ကရင်နီဒေသကို မာရှယ်လောမြို့နယ်တွေထဲမှာထည့်သွင်းလာခဲ့တာဟာ စစ်ကောင်စီအတွက် အကန့်အသတ်မရှိ ယုတ်မာကြဖို့ အခွင့်အရေးပိုရသွားတာ ဖြစ်ပါတယ်။ လက်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များနဲ့ စကစ စစ်ကြောင်းများ နေ့စဉ်ရက်ဆက် ဆိုသလို တိုက်ပွဲများဖြစ်ပွါးနေပြီး ကာကွယ်ရေး၊ ကျန်းမာရေးလိုအပ်ချက်များ ဆက်တိုက် တိုးပွားလာနေပြီ ဖြစ်ပါတယ်။ မိမိတို့အနေဖြင့် တိုက်ပွဲကာလ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်နဲ့တပြေးညီ ပြင်ဆင်ချိတ်ဆက် ဆောင်ရွက်လျက်ရှိပြီး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းနိုင်ရန် ကြိုးစားလျက်ရှိပါသည်။ လက်ရှိ နွေဦးကျန်းမာ ဆေးရုံ နှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆေးဝါး နှင့် စက်ပစ္စည်းလိုအပ်ချက်များအတွက် ပြည်သူများထံ ဆုမဲလက်ဆောင်များရောင်းချမည်ဖြစ်ပါသည်။”

နွေဦးကျန်းမာဆေးရုံကိုတော့ ဆေးတက္ကသိုလ် ၂၊ ရန်ကုန် ကျောင်းသားကော်မတီက ဦးဆောင်ကာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တုန်းက စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့ ဦးစီးဖွင့် လှစ်လိုက်တာဖြစ်ပြီး အတွင်းလူနာဌာန၊ ကလေးကုသဆောင်၊ ခွဲစိတ်ခန်းနဲ့ လူနာ သယ်ယူပို့ဆောင်ရေးစနစ်တွေကို ပြင်ဆင်နေကာ လိုအပ်တဲ့ ဆေးဝါးနဲ့ စက်ပစ္စည်းတွေကိုလည်း တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

လတ်တလော လိုအပ်နေတဲ့ ဆေးဂိုဒေါင်ဖြည့်နိုင်ဖို့နဲ့ အရေးပေါ် စက်ပစ္စည်းဝယ်ယူနိုင်ဖို့အတွက်  “ကျန်းမာရှေ့ဆက် စစ်တပ်အမြစ်ဖြတ်” ကမ်ပိန်းကနေ ရန်ပုံငွေကျပ်သိန်း ၅၀၀ ရရှိနိုင်ဖို့ လျာထားပြီး လက်မှတ် တစောင်ကို မြန်မာငွေကျပ် ၂ သောင်းနဲ့ နိုင်ငံတကာ သတ်မှတ်ငွေကြေးတွေအလိုက် ရောင်းချသွားမှာဖြစ်ကာ ပထမဆု - iPhone 14၊ ဒုတိယဆု - အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းခရီးစဉ်ကံထူးရှင် ၂ ယောက်( တော်လှန်ရေးကာလအလွန်)၊ တတိယဆု - Lančome Beauty Box or Blue Label၊ စတုတ္ထဆု - Versace Eros 100 ml ဆုမဲတွေ အသီးသီး သတ်မှတ်ထားပါတယ်။

“စခ များကို နိုင်စေချင်ရင် မကူပါနဲ့။ မြို့ပြက အဆင်ပြေတဲ့ဘဝတွေနဲ့ အလှမ်းဝေးတဲ့ အသက်တွေ လျစ်လှူရှုနိုင်တယ်ဆို မကူပါနဲ့။ အနာဂါတ် နဲ့ အိပ်မက်တွေမရှိစေတော့ချင်ရင် မကူပါနဲ့။ အပြစ်မဲ့တဲ့ အသက်တွေ ၊ အကျဉ်းစံရဲဘော်ရဲဘက်တွေအတွက် တာဝန်ရှိတယ်လို့မခံစားရရင်မကူပါနဲ့။ ဒီအတိုင်းအဆင်ပြေကြတယ်ဆိုမကူပါနဲ့။ ၂၀,၀၀၀ ကျပ်နဲ့ အသက်တစ်ချောင်းကို ကူနိုင်ခဲ့တာ ဂုဏ်ယူကြလိုက်ပါ တော်လှန်အမျိုးတို့ ခင်ဗျာ။”

လက်ရှိကာလ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု တွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေ ကို လက်နက် အားကိုးဖြိုခွင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024