မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ စည်သာတံတားအနီးမှာ ဖေဖော်ဝါရီ ၅ ရက် မနက်က ပြင်ဦးလွင်ကနေ မန္တလေးဘက်ကို ပြန်လာတဲ့ Hijet ယာဉ်ပေါ်ကို သစ်ကိုင်းကျိုးကျပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့တဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
“ကားဖြတ်သွားချိန်မှာ သစ်ကိုင်းကျိုးကျခဲ့တာဖြစ်ပြီး သစ်ကိုင်းကလည်းကြီးကာ ကားကလည်း အရှိန်နဲ့ဆိုတော့ ကားခေါင်းခန်းကို သစ်ကိုင်းက ဖောက်ထွက်ပြီး ကားမောင်းတဲ့သူ ရင်ဘတ်ထိုးစိုက်မိကာ နေရာမှာတင် ဆုံးသွားတာဖြစ်တယ်။”
အဲဒီယာဉ်ပေါ်မှာ ပြည်ကြီးတံခွန်မြို့နယ် ကျောက်မီးရွာက မိသားစု ၅ ဦး လိုက်ပါစီးနင်းလာတာဖြစ်ပြီး ပြင်ဦးလွင်ကနေအပြန် အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။
သေဆုံးသူ အသက် ၅၉ နှစ်အရွယ် ယာဉ်မောင်းရဲ့ ရုပ်အလောင်းကိုတော့ ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးထားတယ်လို့လည်း ကူညီပို့ဆောင်ပေးတဲ့ လူမှုကူညီရေးအသင်းက ပြောပါတယ်။