ကရင့်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်တဲ့အထိ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကျဖို့ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်ပါတယ်။
ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဌာနချုပ်မှာ ဖေဖော်ဝါရီ ၅ ရက် မနက် ၈ နာရီက ကျင်းပပြုလုပ်တဲ့ ကေအန်ယူ -ကရင်အမျိုးသားအစည်းအရုံးနေ့ (Karen National Union Day ) ဖွဲ့စည်းတည်ထောင်ခြင်း ၇၆ နှစ်မြောက်အခမ်းအနားကိုပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ အခုလို တိုက်တွန်းထားတာပါ။
ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ကေအန်ယူ- ကရင်အမျိုးသား အစည်းအရုံးဟာ ကရင့်အမျိုးသားတွေအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေတာကိုခံယူပြီး ကရင့်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်တဲ့အထိ အကောင်အထည် ဖော်ဆောင်နိုင်ဖို့ ကျရာတာဝန်အသီးသီးမှာ တာဝန်ယူကြပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကျဖို့" ပြောပါတယ်။
အခမ်းအနားမှာ ကရင်အမျိုးသားအလံတော်ကို အလေးပြုတာ၊ အခမ်းအနားကို ကြွရောက်လာတဲ့သူတွေနဲ့ နှုတ်ခွန်းဆက်စကားပြောကြားတာ၊ ကေအန်ယူ - ကရင်အမျိုးသားအစည်း အရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပေးပို့လာတဲ့ သဝဏ်လွှာကို ဖတ်ကြားတာ၊ မျိုးဆက်သစ် (NGLP) ကျောင်းသားကျောင်းသူတွေက ဂုဏ်ပြုတေးသီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။
ဆက်လက်ပြီး ၇၆ မြောက်အခမ်းအနားကို တက်ရောက်လာကြတဲ့ ခေါင်းဆောင်ကြီးတွေက မိန့်ခွန်းအသီးသီးပြောကြားခဲ့သလို အခမ်းအနားကို ဂုဏ်ပြုတက်ရောက်လာသူတွေကို အခမ်းအနားမှူးက ကျေးဇူးတင်စကားပြောကြားပြီး ကရင်အမျိုးသားသီချင်းသီဆိုပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။
(၇၆) ကြိမ်မြောက် ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံးနေ့ (Karen National Union Day) အခမ်းအနားကို ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဌာနချုပ်က ခေါင်းဆောင်တွေနဲ့ စစ်သည်တော်တွေ၊ ကရင်လူငယ်အစည်းအရုံး (KYO)မှ လူငယ်ခေါင်းဆောင်တွေ၊ မျိုးဆက်သစ်ခေါင်းဆောင်သင်တန်းကျောင်း (NGLP) က ကျောင်းသားကျောင်းသူတွေနဲ့ ဒေသခံပြည်သူလူထုတွေက တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။
ကေအန်ယူကို ကရင်အမျိုးသားအဖွဲ့အစည်းလေးဖွဲ့ဖြစ်တဲ့ ဒေါကလူ(ကရင်အမျိုးသားအသင်း၊ Karen National Association-KNA)၊ ဗုဒ္ဓဘာသာကရင်အမျိုးသားများအသင်း(Buddhist Karen National Association-BKNA)၊ ကရင် ဗဟိုအဖွဲ့ချုပ်(Karen Central Organization-KCO)နဲ့ ကရင်လူငယ်အစည်းအရုံး(Karen Youth Organization-KYO) တို့ စုစည်းပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်ကနေ ၇ ရက်နေ့အထိ ရန်ကုန်မြို့မှာကျင်းပပြုလုပ်တဲ့ ကရင်အမျိုးသားညီလာခံကြီးကနေ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံးကို ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။