Home
မြန်မာသတင်း
အာဏာသိမ်းစစ်ကောင်စီနှင့် အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်း၊ ဒုဝန်ကြီးချုပ် ၅ ဦးခန့်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်တို့ကို ထုတ်ပယ်
DVB
·
February 2, 2023
ABCD

အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်သလို ဗဟိုအကြံပေးအဖွဲ့ထပ်ဖွဲ့လိုက်ပြီး အာဏာသိမ်းအစိုးရအဖွဲ့ကိုလည်း ပြင်ဆင်ဖွဲ့စည်းတာနဲ့ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေကိုလည်း  အစားထိုးခန့်အပ်လိုက်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

အရင် စစ်ကောင်စီအဖွဲ့ထဲမှာပါတဲ့ လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့ အရပ်သားနိုင်ငံရေးသမားတွေဖြစ်တဲ့  ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန် စသူတွေကို စစ်ခေါင်းဆောင်က ထုတ်ပစ်လိုက်ပြီး အယောက် ၂၀ နဲ့ ပြင်ဆင်ဖွဲ့စည်းပါတယ်။

အဖွဲ့ဝင်သစ်တွေထဲမှာ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုရယ်အောင်သိန်း၊ ပူဂင့်ကလမ်းလျန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်

တခါအသစ်ဖွဲ့လိုက်တဲ့ အဖွဲ့ဝင် ၉ ဦးပါ စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့သစ်မှာတော့  ဦးစောထွန်းအောင်မြင့်ကို ခေါင်းဆောင်အဖြစ်ထားပြီး ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနဲ့ ဒေါက်တာ မောင်မောင်နိုင်တို့ကို အဖွဲ့ဝင်တွေအဖြစ် ထည့်ထားပါတယ်။

မန္တလေးတိုင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်တို့က ဝန်ကြီးချုပ်တွေကိုလည်း ဖြုတ်ပစ်ပြီး လူသစ်တွေနဲ့ အစားထိုးပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ရဲ့ ဥက္ကဋ္ဌတွေကိုလည်း ဖြုတ်ပစ်ပြီး အသစ်ခန့်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၃ ယောက်၊ ပညာရေး ဒုဝန်ကြီးနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်တယောက်တို့ကိုလည်း အနားပေးလိုက်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့ အာဏာသိမ်းအစိုးရအဖွဲ့ကိုလည်း ပြင်ဆင်ရာမှာ  ဒုဝန်ကြီးချုပ် ၅ ယောက်နဲ့အထိ ခန့်အပ်ပြီး ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။

ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စစ်မှန် စည်းကမ်းပြည့်ဝတဲ့ နိုင်ငံတော်ဖြစ်ထွန်းရေးကို ရည်မှန်းဆောင်ရွက်နိုင်ဖို့ ပြင်ဆင်တာလို့ မနေ့က  ထုတ်ပြန်ချက်မှာပြပါတယ်။

ပြင်ဆင်လိုက်တဲ့အဖွဲ့ထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ်၊ ဒု ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒုဝန်ကြီးချုပ်အဖြစ်သတ်မှတ်ထားပါတယ်။

ပြီးတော့ ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး၊ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ဒုဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ဒုဝန်ကြီးချုပ်နဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ဦးဝင်းရှိန်ကို ဒုဝန်ကြီးချုပ်နဲ့ စီမံ ဘဏ္ဍာဝန်ကြီးအဖြစ် တာဝန်ပေးထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဦးဝဏ္ဏမောင်လွင်နေရာမှာ ဦးသန်းဆွေကို အစားထိုးခန့်အပ်လိုက်ပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ် ဦးမင်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ဦးမျိုးသန့်၊ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးအဖြစ် ဦးအောင်သော်နဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးအဖြစ် Jeng Phang နော်တောင်တို့ကို အသစ်ခန့်ထားတာကို တွေ့ရပါတယ်။

ဇန်နဝါရီ ၃၁ ရက် စစ်တပ်ကတရားမဝင် အာဏာသိမ်းတဲ့  ၂ နှစ်ပြည့်တဲ့အချိန်မှာ တိုင်းပြည်အခြေအနေ သာမန်မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ထပ် ၆ လ သက်တမ်း ထပ်တိုးပြီး အခုလို စစ်ကောင်စီအဖွဲ့နဲ့ စစ်အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါတယ်။ 

Photo-MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024