Home
မြန်မာသတင်း
အေအေတပ်ဖွဲ့ဝင်များအတွက် ကုသပေးခဲ့ကြသည့် CDM ဆေးလောကသားများကို ဂုဏ်ပြုမည်
DVB
·
January 21, 2023
326185000_537325405025352_613600079484478855_n

ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်တွေအတွက် ဆေးကုသပေးခဲ့ကြတဲ့ နွေဦးတော်လှန်ရေးမှဆေးလောကသားတွေကို  ဖိတ်ကြားဂုဏ်ပြုသွားမယ်လို့ အေအ ဒုစစ်ဉီးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

"နွေဦးတော်လှန်ရေးထဲက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးလောကသားတွေ CDM ပြုလုပ်ပြီး အေအေနဲ့ နီးစပ်တဲ့ဒေသတွေမှာ လာရောက်ခိုလှုံနေကြတာတွေရှိတယ်။ သူတို့က ရခိုင်က တိုက်ပွဲတွေမှာ ဒဏ်ရာရှိခဲ့တဲ့ ကျနော်တို့ရဲ့ အေအေ တပ်ဖွဲ့ဝင်တွေကို ဆေးဝါးကုသပေးခဲ့တာတွေများစွာရှိခဲ့တယ်။​ အဲ့ဒါကြောင့် အချိန်ကာလတခုမှာ ULA အစိုးအနေနဲ့ အဆင်မြင့် အခမ်းအနားတွေမှာ သူတို့ကိုဖိတ်ကြားဂုဏ်ပြုသွားမှာဖြစ်တယ်။"

ဇန်နဝါရီ ၂၀ ရက်က အွန်လိုင်းကနေ ကျင်းပတဲ့  “မြန်မာ့တော်လှန်ရေးနှင့် ဆေးလောကသားများ၏ အခန်းကဏ္ဍ”ဆွေးနွေးပွဲမှာ ဒေါက်တာညိုထွန်းအောင်က ပြောကြားလိုက်တာပါ။

အာဏာရှင်တော်လှန်ရေး ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ မြန်မာ့ဆေးလောကသားများ အားလုံးကိုလည်း ULA/AA အနေနဲ့ ဒီနေရာက လေးလေးနက်နက်၊ လှိုက်လှိုက်လဲလဲဂုဏ်ပြု မှတ်တမ်းတင်ထားကြောင်း ဒေါက်တာညိုထွန်းအောင်က ပြောဆိုခဲ့ပါသေးတယ်။

ဒေါက်တာ ညိုထွန်းအောင်ဟာ ဆေးတက္ကသိုလ်(၂) ရန်ကုန်မှာ ဆေးပညာသင်ယူခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ အတူ ရက္ခိုင့်တပ်တော်(AA)ကို ဦးဆောင်ကာ ရခိုင်အမျိုးသားတွေရဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဂုဏ်သိက္ခာရှိ ရက္ခိုင့်လူ့ဘောင်တစ်ခုကို ထူထောင်ရေး ဦးဆောင်တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။

“မြန်မာ့တော်လှန်ရေးနှင့် ဆေးလောကသားများ၏ အခန်းကဏ္ဍ”အစီအစဉ်မှာ NUG အစိုးရ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးအပါအဝင် နွေဉီးတော်လှန်ရေးမှာ အင်တိုက်အားတိုက်ပါဝင်နေကြတဲ့ ‌ဆေးလောကသားတွေ တက်ရောက်ခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024