စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ ကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ်ပိုင် ရဲမာန်ကိုယ်ပိုင်အထက်တန်းကျောင်းဂိတ်ကို ဇန်နဝါရီ ၁၃ ရက် ည ၈ နာရီခွဲလောက် ကန့်ဘလူမဟာမိတ်ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
ကျွန်းလှ၊ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူ တဦးက "ကာဘိုးရွာ ထိပ်မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ် အောင်နိုင် တည်ထောင်ထားတဲ့ "ရဲမာန်" ကိုယ်ပိုင်ကျောင်းမှာ အထိုင်ချပြီးစစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ဘန်ကာ ဂိတ်ကို Kanbalu Underground Warriors၊ မြေပြင်လှုပ်ရှားညီနောင်များအဖွဲ့က ၁၂၀-မမ (၄) လုံးနဲ့ သွားရောက်ပစ်ခတ်တာ၊ ဘန်ကာထဲထိ လက်နက်ကြီးကျပြီး စစ်ကောင်စီဘက်က အထိခိုက်အကျအဆုံးရှိနိုင်တယ်။ အတိအကျတော့ မသိရသေးဘူး။ ဘန်ကာထဲ တည့်တည့် ကျတာ ထိခိုက်မှုတော့ ရှိဖို့များတယ်" လို့ ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ချီးမြှင့်ထားတဲ့ ရဲဗလဘွဲ့နဲ့ ရွှေ ၂ ကျပ်သားဆု ရရှိထားသူဖြစ်ပါတယ်၊
သူ့ပိုင်ဆိုင်တဲ့ "ရဲမာန်" ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဘန်ကာတွေ အခိုင်အမာဆောက်လုပ်ပြီး စစ်ကောင်စီအထိုင် စခန်းချထားကာ ပြည်သူအပေါ် လက်နက်အားကိုးနဲ့ ဖိအားပေးခြိမ်းခြောက် အနိုင်ကျင့်နေသူ ဖြစ်တယ်လို့ ကျွန်းလှ၊ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။