ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)ဌာနချုပ်၊ ဗစ်တိုးရီးယားစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီခွဲလောက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ တိုက်လေယာဥ်တွေအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသား တပ်ဦး တပ် ဖွဲ့ဝင် ၅ ယောက် ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကြဲချတဲ့ ဗုံးတွေထဲက ၁ လုံးကတော့ အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ် ၅ စင်းနဲ့ ၅ ကြိမ်လာရောက်ပစ်ခတ်ခဲ့တာလို့ CNF/CNA ရဲဘော် ၃ ဦးနဲ့ ရဲမေ ၂ ဦး စုစုပေါင်း ၅ ဦး ကျဆုံးခဲ့ပြီး တခြား ထိခိုက်တာမျိုးတော့ မရှိခဲ့ဘူးလို့ CNFပြောခွင့်ရ ဆလိုင်းထက်နီက ဒီဗွီဘီကို ပြောပါတယ်။
CNF ဌာနချုပ်ဟာ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်နဲ့အစပ် ထန်တလန်မြို့နယ်မှာရှိတာဖြစ်ပါတယ်။ ရုံးစိုက်ရာ ဌာနချုပ်ဆိုပေမယ့် တပ်တွေကတော့ ပြည်နယ်အနှံ့ဖြန့်ထားလို့ ကြီးကြီးမားမား ထိခိုက်တာမျိုးမဟုတ်ဘူးလို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။
စစ်ကောင်စီဘက်က ဟားခါး၊ ထန်တလန် စတဲ့မြို့နယ်တွေမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အထိအခိုက်အကျအဆုံးများနေတာနဲ့ ရွေးကောက်ပွဲအကြိုတည်ငြိမ်မှုရအောင် ရည်ရွယ်ပြီး ခုလို လာရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုင်းထက်နီကပြောပါတယ်။
CNF/CNA အနေနဲ့ကတော့ ၂၀၂၃ ဟာ တော်လှန်ရေးအောင်မြင်မယ့်နှစ်လို့ ခံယူပြီး အဆုံးစွန်ထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
ခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ရုံသာမက နိုင်ငံတော်အာဏာကို စစ်တပ်က မတရားလုယူပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ ချင်းလူမျိုးတွေအပါအဝင် တိုင်းရင်းသား ပြည်သူ လူထုတရပ်လုံးရဲ့ သဘောထားနဲ့ လိုလားချက်တွေကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုကာ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေ မရှာလိုတဲ့ စစ်ကောင်စီရဲ့ သဘောထားအမှန်ကို အတိအလင်း ဖော်ပြချက်လည်း ဖြစ် တယ်လို့ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ဆိုပါတယ်။
တဖက်မှာလည်း အခုနှစ် ၂၀၂၃ ခုနှစ်ကုန်အထိ အပစ်အခတ်ရပ်စဲမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ဖော် ပြောဆိုချက်ဟာ အလိမ်အညာသက်သက်သာဖြစ်တာကို သူတို့ကိုယ်တိုင် ဝန်ခံနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ချင်းအမျိုးသားတပ်ဦးဌာနချုပ်တည်ရှိရာ ဗစ်တိုးရီးယားစခန်းအပါအဝင် ချင်းပြည်အတွင်း လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးအရ အလွန်ပင် မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ပြီး လူမျိုးရေးအရ လည်း ပြန်လည်ဖြေဆည်ရာခက်ခဲတဲ့ စိတ်ဒဏ်ရာတွေကို ပိုမိုနက်ရှိုင်းခိုင်မာသွားစေမယ့်အပြင် ဒီလိုပြုမူခြင်းအားဖြင့် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုတဲ့ ချင်းလူမျိုးတွေရဲ့ နာကြည်းမှုနဲ့ သန္နိဌာန်ကို ပိုမို အားသစ်လောင်းပေးရာ ရောက်တာမို့ ချင်းလူမျိုးတွေအနေနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်တိုက်ခိုက်မှုတွေကို ဆက်ပြီးတော့ တွန်းလှန်ခုခံသွားမယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ချက် တစုံတ ရာ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။