ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က မြို့နယ်ရဲတပ်ဖွဲ့မှူး ပိုင်ဆိုင်တဲ့ နှစ်ထပ်လိုင်းခန်းမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ ရဲဝန်ထမ်းဟောင်းတဦးနဲ့ ရဲသတင်းပေးနှစ်ဦးကို ဇန်နဝါရီ ၆ ရက် နေ့လယ်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့မှူးပိုင်တဲ့ ၁၀ ရပ်ကွက်၊ မန္တလေးလမ်း၊ အိမ်အမှတ် ၂၈/ခ ခြောက်ခန်းတွဲ နှစ်ထပ်အဆောင်မှာ အငြိမ်းစားရဲတပ်ကြပ်ကြီးတဦးနဲ့ ရဲသတင်းပေးနှစ်ဦးကို မူးယစ်ဆေးဝါး သုံးစွဲနေချိန် ဖမ်းဆီးရမိခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရောင်းတာရော သုံးတာရော နာမည်ကြီးနေတာ၊ ရဲအချင်းချင်း မကျေနပ်ချက်နဲ့ ဝင်ဖမ်းတာ။ ဖမ်းတာက ရဲအုပ်အဆင့်၊ မြို့နယ်မှူးကလည်း မူးယစ်ဆေးနဲ့ပဲ ကျိကျိတက်ချမ်းသာနေပြီ၊ အဆောင်တွေ လိုင်းခန်းတွေ အိမ်တွေမှ မနည်းဘူး။”
ဖမ်းဆီးရမိသူတွေမှာ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှ ရဲတပ်ကြပ်ကြီး အငြိမ်းစား သန်းဇော်ဦး၊ မြို့ခံ ရဲသတင်းပေး မျိုးဝင်းအောင်နဲ့ ဇော်လင်းဦးတို့ဖြစ်ပြီး WY၊ အိုက်စ်၊ ဆေးခြောက်တွေ သုံးစွဲနေချိန် ဖမ်းဆီးရမိခဲ့တာလို့ ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဖမ်းတဲ့အချိန်က ပစ္စည်းနမူနာ စမ်းသုံးနေတဲ့အချိန် မိတာ၊ နောက်ထပ် မူးယစ်ဆေးဝါးတွေ ရှာမတွေ့ဘူး။ ပြီး မြို့နယ်မှူးက စစ်တပ်ခေါ်ပြီး ရောက်လာတော့ ခြိမ်းခြောက်ချင်တဲ့သဘော ဖြစ်နေတယ်၊ သူက လူကြီးတွေနဲ့ပိုင်တယ်။”
မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိသူ အငြိမ်းစားရဲတပ်ကြပ်ကြီး အပါအဝင် သုံးဦးကို လှိုင်သာယာအနောက်ပိုင်း မြို့မရဲစခန်းမှာ မယ(ပ)၁/၂၀၂၃ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်းမှာ ဆိုင်ကယ်နဲ့ ဖုန်းတွေကို လုယက်နေတဲ့ စစ်မှုထမ်းဟောင်းတဦးနဲ့ အငြိမ်းစားရဲဝန်ထမ်းဟောင်းငါးဦးကို ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။