မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့မှာ ဇန်နဝါရီ ၉ ရက် ဒီမနက် ၆ နာရီခွဲလောက်က စစ်ကောင်စီလက်အောက်ခံ ရဲသတင်းတပ်ဖွဲ့ (SB) ရဲအုပ် ညီညီဝင်း သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲအုပ် ညီညီဝင်းဟာ လမိုင်းမြို့၊ လက်ဝှေ့ရုံအနီး လက်ဖက်ရည်ဆိုင်မှာ အီကြာကွေးလာဝယ်စဉ် ရေးပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် SB ရဲအုပ် ညီညီဝင်းဟာ ဦးခေါင်းကျည်ဖောက်ထွက် ဒဏ်ရာ ရရှိပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး SB ရဲအုပ် ညီညီဝင်းရဲ့ ဦးခေါင်းကနေ ဖောက်ထွက်သွားတဲ့ကျည်ဟာ ဆိုင်ရှင်အမျိုးသမီးတဦးကိုလည်း ထိမှန်ခဲ့ပါတယ်။
သေနတ်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက မော်လမြိုင် ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ရေးပြောက်ကျားတပ်ဖွဲ့ (YGF) မှ ဗိုလ်ကျန်ရစ်က “ထောက်လှမ်းရေးဗိုလ်ကြီးရဲ့ ဦးခေါင်းကနေ ကျည်ပေါက်ပြီး ပြည်သူအမျိုးသမီးတဦး ထိခိုက်ခဲ့တဲ့အတွက်များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ အနူးအညွတ်လည်း တောင်းပန်ပါတယ်ဗျာ။ လိုအပ်တဲ့ကိစ္စ အားလုံးကိုလည်း တာဝန်ယူ ဖြေရှင်းပေးပါမယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ကတော့ SB ရဲအုပ် ညီညီဝင်းဟာ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို အဓိက ဒုက္ခပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းရတာလို့ ထုတ်ပြန်ထားပါတယ်။