Home
မြန်မာသတင်း
ကေအန်ယူနယ်မြေ၌ တလအတွင်း တိုက်ပွဲ ၃၀၀ ကျော်ဖြစ်၊ စစ်ကောင်စီနှင့် BGF ဘက်မှ ၂၁၇ ဦး သေဆုံး
DVB
·
January 7, 2023
322379612_899286091075799_8473724018898904161_n

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေ ၆ ခုထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ လတာအတွင်း တိုက်ပွဲအကြိမ်ရေ ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တွေ ဘက်က ၂၁၇ ယောက် သေဆုံးကာ ၁၇၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒူးသထူခရိုင် တပ်မဟာ ၁ အုပ်ချုပ်နယ်မြေအတွင်းမှာတော့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တွေဟာ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး အလုံး ၆၀ ကျော် ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၁၄ လုံးနဲ့ စပါးကျီ ၄ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး အသက် ၁၃ နှစ်အရွယ် မိန်းကလေးတယောက်နဲ့ တခြားအမျိုးသမီး ၁ ယောက်အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောဦးခရိုင် တပ်မဟာ ၂ အုပ်ချုပ်နယ်မြေအတွင်းမှာလည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေက ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက် ကြီးတွေပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၁ လုံး ပျက်စီးခဲ့ရပြီး အပြစ်မဲ့အရပ်သား ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲ ကို လေကြောင်း တိုက်ခိုက်မှု ၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဗုံး ၃ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ခလယ်လွီထူခရိုင် တပ်မဟာ ၃ အုပ်ချုပ်နယ်မြေအတွင်းမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေကြောင့် ပြည်သူလူထုနေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး အသက် ၇ နှစ် အရွယ် မိန်းကလေး ၁ ယောက် လက်နက်ကြီးထိမှန်သေဆုံးခဲ့ရကာ အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၁ ယောက်၊ ၁၅ နှစ်အရွယ် ယောကျ်ားလေး ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်၊ စုစုပေါင်း ၃ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကေအန်ယူထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲကို တိုက်ခိုက်ရေး လေယာဉ် ၅ စင်း၊ တိုက်ခိုက်ရေး Drone ၂ စင်း တို့နဲ့ နေရာ ၃ နေရာကို ဗုံး ၈ လုံး ကြဲချခဲ့တဲ့အပြင် နေအိမ် ၂ လုံး၊ ရွှေဆိုင် ၁ ဆိုင်နဲ့ ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

မြိတ်/ထားဝယ်ခရိုင် တပ်မဟာ ၄ အုပ်ချုပ်နယ်မြေအတွင်းမှာတော့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အပြစ်မဲ့ပြည်သူ ၅ ယောက်ကို အကြောင်းမဲ့ဖမ်းဆီးစစ်ဆေးခဲ့ပြီး ပြည်သူလူထုနေအိမ် ၂ လုံးကိုလည်း အကြောင်းမဲ့ မီးရှို့ဖျက်စီးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မူတြော်ခရိုင် တပ်မဟာ ၅ အုပ်ချုပ်နယ်မြေအတွင်းမှာလည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်တွေက လက်နက်ကြီး အလုံး ၁၀၀ ကျော် ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ယောက် ထိမှန်သေဆုံး၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ ယောက်အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ် ၄ လုံးထိခိုက်ပျက်စီးခဲ့ရကြောင်း၊ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေက အပြစ်မဲ့ပြည်သူ ၁ ယောက်ကိုလည်း အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒူးပလာယာခရိုင် တပ်မဟာ ၆ အုပ်ချုပ်နယ်မြေအတွင်းမှာတော့ လက်နက်ကြီး ၁၂၅ လုံးကျော် ပစ်ခတ်ခဲ့တာကြောင့် ဦးဇင်း ၂ ပါး ပျံလွန်တော်မှုခဲ့ရပြီး ဦးဇင်း ၄ ပါး၊ ကိုရင် ၁ ပါးနဲ့ အသက် ၁၀ နှစ်အောက် က လေးငယ် ၂ ယောက်အပါအဝင် စုစုပေါင်း ၁၃ ယောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ ကေအန်ယူထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဆိုပါလက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူလူထုနေအိမ် ၂ လုံးမှာ မီး လောင်ပြာကျသွားပြီး ၁၉ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်တွေဟာ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲကို  လေကြောင်း တိုက်ခိုက်မှုပေါင်း ၁၁ ကြိမ်လောက် တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ ၃၀ ထက်မနည်းကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ပြည်သူလူထုတွေဟာ နေရပ်နဲ့ လုပ်ငန်းခွင်တွေဆီ ပြန်လည်နေထိုင်နိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် စားနပ်ရိက္ခာ၊ အဝတ်အစား၊ နေရာထိုင်ခင်းအတွက် အမိုးအကာ၊ ဆေးဝါးအစရှိတဲ့ လူသားချင်းစားနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အများအပြားလိုအပ်နေတယ်လို့ ဆိုပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေမှာ  စစ်ကောင်စီတပ်တွေ၊ နယ်ခြားစောင့်တပ် (BGF) တွေနဲ့ ဖြစ်ပွားတဲ့ ဒီဇင်ဘာ တလတာတိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုး သား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဘက်က ၉ ယောက် ကျဆုံးခဲ့ပြီး ၂၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြရာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024