Home
ဆောင်းပါး
အဆင်မပြေဘူး မဟုတ်လားကွယ် (အက်ဆေး)
DVB
·
December 18, 2022
318880738_3448343248819996_2968910758541851536_n (1)

မိန်းကလေးရေ…

သတင်းတွေလည်း ကြားပါတယ်။ မကြားချင်အဆုံး ကြားနေရပါတယ်။ နေ့ရှိသရွေ့ ကြားနေရဦးမယ်။ တို့ မသေသေးသရွေ့ ကြားနေရဦးမယ်။ အဲဒီစစ်ခွေးတွေ အမြစ်မပြတ်သရွေ့ ကြားနေရဦးမယ်ပေါ့။ “No news is good news” တဲ့ကွယ်။ ခုလို သတင်းတွေကြားနေရတာဆိုတော့ ဘယ်လိုလုပ် သတင်းကောင်း ဖြစ်တော့မလဲပေါ့နော်။ တကယ်တော့ လက်ရှိ တို့တိုင်းပြည်မယ် ဘာသတင်းမှ မကြားရရင်လည်း စိတ်ချမ်းသာရတာတော့ မဟုတ်ဘူး မဟုတ်လား။ ပိုပြီးတောင် စိတ်ပူရတာပဲ မဟုတ်လားကွယ်။

အရင်ကဆို မိန်းကလေးတို့ရွာဟာ သိပ်ပျော်ဖို့ သိပ်ကြည်နူးဖို့ ကောင်းတာပေါ့။ ကြက်တွန်သံ၊ ငှက်မြည်သံ၊ နွားခလောက်သံတွေနဲ့အတူ မိန်းကလေးတို့ရွာဟာ နိုးထခဲ့တာပေါ့။ တောသူမကြီးရဲ့ မနက်စောစောထ ထမင်းအိုးတည်သံ၊ လယ်သမားကြီးရဲ့ ထင်းခွေသံ၊ တောသူမလေးရဲ့ ရက်ကန်းရက်သံတွေဟာ မိန်းကလေးတို့ရဲ့ရွာမှာ ကြားနေရတဲ့ ကြားနေကျ နိစ္စဓူဝ အသံတွေပေါ့။

မိန်းကလေးတို့ရွာဟာ ရွာကြီးဖြစ်လေတော့ ရွာဈေးလည်းရှိတယ်။ တိုက်နယ်ဆေးရုံလည်း ရှိတယ်။ အရုဏ်ကျင်း လင်းလုလုအချိန် ရောက်ပြီဆိုတာနဲ့ ဘေးနားရွာတွေက ဈေးသည်တွေ မိန်းကလေးတို့ရွာကို ရောက်ချလာကြတာပဲ။ သူတို့မှာပါလာတဲ့ ရောင်းစရာရှိတာတွေကို ရောင်းချကြတယ်။ သူတို့တွေရောက်လာပြီး သိပ်မကြာခင်မှာပဲ မိန်းကလေးတို့ရွာ အပါအဝင် ရွာနီးချင်းကလူတွေ အပြိုင်အဆိုင် အတိုးအဝှေ့ ဈေးလာဝယ်ကြဝာယ်။ သကြားလုံး ပုရွတ်ဆိတ် တက်သလိုမျိုး။ အုံခဲပြီး မကြာပါဘူး နေစူးစူးမထွက်ခင်ဆိုတာနဲ့ ဈေးက ကုန်သလောက် ဖြစ်နေပြီ။ မိန်းကလေးတို့ရွာဟာ ဈေးလို ကုန်စည်ဖလှယ်တဲ့နေရာမှာတင် မကသေးဘူး။ ပညာရေးကိစ္စမှာဆိုလည်း တခြားရွာတွေကပါ အားကျရတဲ့ အားကိုးအားထားပြုရတဲ့ ရွာကြီးတရွာပေါ့။ မိန်းကလေးတို့ရွာကျောင်းဟာ မူလတန်းကျောင်းမဟုတ်။ အထက်တန်းကျောင်း။ ရွာနီးချင်းတွေ အကုန် မိန်းကလေးတို့ ရွာကျောင်းကိုပဲ လာတက်ရသတဲ့။

မိန်းကလေးတို့ကျောင်းမှာ အားကစားပြိုင်ပွဲပေါင်းစုံလည်း လုပ်တယ်။ ပညာရည်ချွန်ဆုပေးပွဲလည်း လုပ်တယ်။ ဆယ်တန်းအောင်စာရင်းလည်း ကောင်းတယ်။ တနှစ်ကဆို ရွာက ကျောင်းသားတယောက် ဆယ်တန်းမှာ ဂုဏ်ထူးလေးခုပါလို့ဆိုလား။ ဂုဏ်ပြုပွဲကို တရွာလုံးက ခြိမ့်ခြိမ့်သဲသဲ ကျင်းပပေးကြသတဲ့။ မိန်းကလေးတို့ရွာဟာ ဘာသာရေးလည်း ကိုင်းရှိုင်းကြတယ်။ ရွာကသာကြီးတာ။ တခြားရွာတွေလို နှစ်ကျောင်း သုံးကျောင်း မကွဲတဲ့ တခုတည်းသော ဘုန်းကြီးကျောင်းရှိတယ်။ လပြည့်လကွယ်၊ အခါကြီး ရက်ကြီးတွေဆို အဲဒီရွာဦးကျောင်းကို သွားပြီး ဒါန၊ သီလ၊ ဘာဝနာ ဆောက်တည်ယူကြတယ်။ သီတင်းကျွတ်ဆို ဘုရားပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပကြတယ်။ အထင်ကရ လတွေမှာဆိုလည်း ပွဲလမ်းသဘင်တွေကို ခြိမ့်ခြိမ့်သဲ ကျင်းပလိုက်ကြတာများ၊ ဘေးရွာတွေကတောင် လာကြည့်ရသတဲ့။ လှည်းတွေ လှည်းတွေ မနည်းမနောနဲ့။ ပြောရမယ်ဆို မိန်းကလေးတို့ရွာရဲ့ အမှတ်တရတွေက အများကြီးပေါ့။ ရွာထိပ်က ကုက္ကိုပင်ကြီးကအစ လူချစ်လူခင်ပေါတဲ့ အသက် ၈၀ ကျော် အဘွားဒေါ်ခင် အထိ စသဖြင့်ပေါ့။ အင်း..... ဒါတွေဟာ ကြမ္မာဆိုးတို့ မမွှေနှောက်ခင်၊ မိစ္ဆာဘီလူးတို့ မဝင်ရောက်ခင် မိန်းကလေးတို့ရွာရဲ့ သာယာကြည်မွေ့ရတဲ့ ယေဘုယျ အဖြစ်အပျက်လေးတွေ၊ အမှတ်တရလေးတွေပေါ့။

မိန်းကလေးရေ… 

အဆင်မပြေဘူး မဟုတ်လားကွယ်။

အဲဒီနေ့က မိန်းကလေးတို့ရွာကို စစ်ခွေးတသိုက် အလုံးအရင်းနဲ့ ဝင်လာကြတယ်ဆို။ မြေပြင်၊ ဝေဟင် နှစ်ခုပေါင်းလို့ စစ်ကြောင်းထိုး ဝင်လာကြတယ်ဆို။ အင်း… မြစ်ပြင်ကျယ်ကျယ်သာ ရှိကြည့်။ ရေကြောင်းပါ ထပ်သုံးဦးမယ့် အာဂတပ်မတော်ပါလား။ တပ်မတော်ဆိုလို့ တမျိုးမထင်လိုက်ပါနဲ့ဦး။ တပ်နဲ့ မသင့်တော်တဲ့ကောင်တွေမို့ တပ်မတော်လို့ ဆိုလိုတာပါကွယ်။ ကောက်စိုက်၊ ပျိုးနုတ်နဲ့ လယ်တောကအပြန် ခရီးတထောက် နားရာလည်းဟုတ်၊ ကလေးတသိုက် ဆော့ကစားရာဆိုလည်း မမှား၊ အပျို လူပျိုတွေရဲ့ ဘေးလွတ်ရာလည်းဖြစ်တဲ့ ရွာထိပ်က ကုက္ကိုပင်ကြီးလည်း အဲဒီစစ်ခွေးတသိုက်ကြောင့် အခုဆို မရှုမလှဖြစ်နေပြီလို့ ကြားတယ်။ ရွာကို စစ်ခွေးတွေ ဝင်လာတဲ့နေ့က လေကြောင်းကနေ ရဟတ်ယာဉ်ငါးစီးနဲ့ ရမ်းသန်းပစ်ခတ်တဲ့အထဲ ရွာရဲ့ ယဉ်ကျေးမှုသင်္ကေတ ကုက္ကိုပင်ကြီးလည်း ပါသွားသတဲ့။ မီးခိုးစွဲ ဝတ်လစ်စလစ်နဲ့ ကုက္ကိုပင်ကြီးခမျာ ထက်ပိုင်းကျိုးကာ နိဂုံးချုပ်ရတော့မယ် ဆိုပါလားကွယ်။

မိန်းကလေးရေ…

အဆင်မပြေဘူး မဟုတ်လားကွယ်။

စစ်ခွေးတသိုက် သရဲဘောကြောင်ပြီး ပစ်ခတ်တဲ့အထဲ တခြားရွာတွေကပါ အားကိုးအားထား ပြုရတဲ့ စာသင်ကျောင်းလေးရော ပါသွားပြီတဲ့ဆို။ တချိန်က ဆော့ကစားသံ၊ စကားပြောဆိုသံ၊ စာအံသံတွေနဲ့ ထုံမွှမ်းထားတဲ့ စာသင်ကျောင်းလေးဟာ ခုများတော့ အုတ်ကျိုးအုတ်ပဲ့၊ သစ်သားမီးစွဲ၊ သံယက်မအကျိုးအပဲ့တွေနဲ့ ကြေကွဲစရာမြင်ကွင်း ဖြစ်နေရှာ‌တော့မှာပေါ့။ စာသင်ကျောင်းဟာ ပညာရေးရဲ့ ပြယုဂ်တခုပါ။ ခုလို စာသင်ကျောင်းကို ဖျက်ဆီးလိုက်တာဟာ ပညာရေးကို ဖျက်ဆီးလိုက်တာပဲ။ ကလေးတွေနဲ့ လူငယ်တွေရဲ့ အနာဂတ်ကို ကွပ်မျက်လိုက်တာပဲ။ စာမတတ် ပေမတတ် လူ့ကျင့်ဝတ်နားမလည်တဲ့ စစ်ခွေးတသိုက်ကတော့ ဒါကို ဘယ်သိနိုင်ပါ့မလဲလေ။

မိန်းကလေးရေ…

အဆင်မပြေဘူး မဟုတ်လားကွယ်။

တရွာလုံးက ချစ်ခင်ရိုသေရတဲ့ အသက် ၈၀ ကျော် အဘွား‌လည်း စစ်ခွေးတသိုက် မီးတင်ရှို့တဲ့အထဲ ပါသွားတယ်ဆို။ သာရေး၊ နာရေးကအစ တခုခုဆို တိုင်ပင်ရာလည်းဟုတ်၊ ဗဟုသုတ ဟင်းလေးအိုးကြီးလည်းဖြစ်တဲ့ အဘွားတယောက် အခုဆို စစ်ခွေးလက်ချက်ကြောင့် တမလွန်ကို ရောက်သွားရှာပြီပေါ့။ မြန်မာပြည်ဟာ ငရဲတမျှပါ။ အခုတော့ အဘွားတယောက် ဝဋ်ကျွတ်တယ်လို့ပဲ သဘောထားပြီး အကောင်းဘက်ကနေပဲ တွေးရတော့မှာပေါ့။

အဲဒီနေ့ စစ်ခွေးတွေ ဝင်လာတုန်းက မြေပြင် ဝေဟင်က ကျည်မိုးကျည်ဆန်တွေ ကြားကနေ အဘွားကို ထမ်းပြေးဖို့ ကြိုးစားကြသေးတယ်ဆို။ မင်းတို့သာ လွတ်အောင်ပြေး ငါ့ကို ငါ့အိမ်မှာပဲထားခဲ့၊ ငါက အသက်ကြီးပြီ၊ သေမယ်ဆိုလည်း သေလို့ရပြီလို့ ပြောသွားသတဲ့ ဆို။ ခုတော့ ကလေး၊ လူကြီး သက်ကြီးရွယ်အို ဘာမှ မထောက်ထား၊ ပြည်သူမြင်ရင် ရန်သူလို သဘောထားတဲ့ စစ်ခွေးတွေကြောင့် အဘွားတယောက် မီးလောင်တဲ့အထဲ ပါသွားရှာပြီ။ မသေခင်မှာ အဘွားတယောက် ဘယ်လောက် ခံစားရမလဲ။ ဘယ်လို ခံစားသွားရှာမလဲ။ ဘုရား တရားကိုပဲ မြဲမြဲမြံမြံ အာရုံပြုကာ နောက်ဆုံးထွက်သက်ကို ရှိုက်ထုတ်သွားခဲ့တာလား။ နောက်ဆုံးသတင်းတွေအရဆို အဘွားတင်မက အခြားရွာသား ၇ ယောက်လည်း သတ်ဖြတ်ခံလိုက်ရတယ် ဆိုပါလား။

မိန်းကလေးရေ…

အဆင်မပြေဘူး မဟုတ်လားကွယ်။

ပြေးတုန်းကလည်း ဒရောသောပါးနဲ့ အသက်ဘေးကနေ လွတ်အောင်ပြေးခဲ့ရတယ်နော်။ လွတ်လာတော့လည်း စစ်ရှောင်စခန်းဆိုတာနဲ့ ကြုံရပြန်ပြီပေါ့။ မိန်းကလေးတို့ရဲ့ စစ်ရှောင်စခန်းဟာ စစ်ရှောင်စခန်း မပီသတဲ့၊ ဖြစ်သလိုထိုးထားတဲ့ တဲကလေးတွေရှိတဲ့ နေရပ်ပါ။ ဆေးဝါးမရှိ။ စားနပ်ရိက္ခာ မလုံမလောက်နဲ့ နေရာလေးပေါ့။ ခုဆို မိန်းကလေးတို့ စစ်ရှောင်ရတာ အတော်ကြာနေပြီ‌နော်။ အအေးဓာတ်လွန်ကဲလာတဲ့ ဆောင်းရာသီကို ဝင်ရောက်လာပြီနော်။ မိန်းကလေးတို့တတွေ ဒီလို ကပ်ဘေးသုံးပါးကို ဘယ်လို ဖြတ်ကျော်ကြမှာပါလိမ့်။ ပြီးတော့ မိန်းကလေးတို့စခန်းမှာ ဝမ်းရောဂါကြောင့် နာမကျန်းဖြစ်ရသူ၊ ဆုံးပါးရသူတွေလည်း မနည်းတော့ဘူးဆို။ မြွေ၊ ကင်းကိုက်ခံရလို့ တိမ်းပါးရသူ ဘယ်နှယောက်တောင် ရှိနေမလဲ။ စားနပ်ရိက္ခာ၊ ဆေးဝါးတွေလည်း ပြတ်လပ်တော့မယ်ဆို။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတောင် ပြန်ပြီး ထောက်ပံ့နေရတယ်ဆို။

မိန်းကလေးရေ… ကဗျာဆရာ အောင်ချိမ့်ကတော့ အခုလို ရေးဖူးပါတယ်။

“ပလက်ဖောင်းအကျယ်ကြီးနဲ့ ငါတို့ မြို့ရဲ့လမ်း

မရှိတော့ပြီ။

ကုက္ကိုပင် အကြီးကြီးတွေ

မရှိတော့ပြီ။

ချောင်းကြည့်ပေါက်ကလေးတပေါက်ရှိတဲ့ အထပ်ခိုးလေး

မရှိတော့ပြီ။

ခင်ခင်ပျိုရေ

ငါစောင့်ခဲ့တယ်။

ပြိုင်တူ ကတုန်ကယင် ဖြစ်ရတဲ့ အသက်အရွယ်

မရှိတော့ပြီ။

ခင်ခင်ပျိုရေ

ငါ စောင့်ခဲ့တယ်။" တဲ့။

မိန်းကလေးသာဆို ဘယ်လိုရေးလိမ့်မလဲကွယ်။

“မနက်ခင်း အရုဏ်အလင်းထွက်ပြူတာနဲ့

ကြားနေကျ အသံလေးတွေ မကြားရတော့ပြီ

ကြိတ်ကြိတ်တိုး စည်ကားတဲ့ ကျမတို့ရွာရဲ့

ရွာလယ်ဈေး‌လေး မရှိတော့ပြီ

တန်ခူး၊ တန်ဆောင်၊ သီတင်းကျွတ်မှာ

ခြိမ့်ခြိမ့်သဲ ကျင်းပတဲ့ ပွဲတော်တွေလည်း မရှိတော့ပြီ

ကျမ မောင်အရွယ်၊ နှမအရွယ်တို့

ဆော့ကစားရာ၊ ပညာရှာရာ စာသင်ကျောင်းလည်း

မရှိတော့ပြီ

အနှစ်နှစ် အလလ ခဲရာခဲဆစ် စုဆောင်းကာ

ဆောက်ထားရတဲ့ အိမ်ကလေး မရှိတော့ပြီ

ဒရုန်းနဲ့ ကောင်းကင်ပေါ်က ရိုက်လိုက်တဲ့အခါ

နှင်းဖတ်တွေအလား ထင်‌ယောင်မှားစေတဲ့

ပြာပုံဘဝ ရွာပျက်ကလေးသာ ရှိပါတော့တယ်”

ဆိုပြီး မိန်းကလေး ရေးလိုက်မယ် ထင်ပါတယ်။

အင်း...... မိန်းကလေးရေ… အဆင်မပြေဘူး မဟုတ်လားကွယ်။

ချစ်မေတ္တာဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024