Home
မြန်မာသတင်း
မင်းပြား-မြေပုံကားလမ်းရှိ ကြပ်စင်တံတား ပြန်ဖွင့်
DVB
·
December 10, 2022
473108-Htee-Gyiant-730x365

ရခိုင်ပြည်နယ်၊ မင်းပြား-မြေပုံကားလမ်းရှိ ကြပ်စင်တံတားကို ဒီဇင်ဘာ ၁၀ ရက် မနက် ၇ နာရီခွဲ လောက်မှာ စစ်ကောင်စီက ပြန်ဖွင့်ပေးလိုက်တယ်လို့ မင်းပြားမြို့ ဒေသခံတွေက ပြောပါတယ်။

မြေပုံမြိုခံ တဦးက "အခုလိုပြန်ဖွင့်ပေးတာ ဝမ်းသာစရာပါ။ လမ်းပိတ်ထားလို့ မြေပုံမြို့နယ်က ကျေးရွာ ၂၀ လောက် စားနပ်ရိက္ခာပြတ်လပ်နေကြတာ။ ဆေးဝါးတွေ ရှာမရတဲ့ အခြေအနေမှာ ရှိနေတာ" လို့ ပြောပါတယ်။

လမ်းတွေ ပြန်ဖွင့်ပေးထားပေမဲ့ စစ်ကောင်စီတပ်က မရုပ်သိမ်းသေသလို စစ်ဆေးနေပြီး ဆန်၊ ဆေးဝါးနဲ့ ဘိလပ်မြေ သယ်ယူခွင့်ကိုတော့ ကန့်သတ်ထားသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကြပ်စင်တံတားနဲ့ လမ်းကို ပိတ်ထားတဲ့အတွက် မြေပုံမြို့နယ်က ကျားပိုက္ကေ၊ ရွှေချောင်း၊ သစ်ပုတ်တောင်၊ သာယာကုန်း၊ တောင်ရှည်ပြင်၊ ဒဂုန်၊ ကန်သာ၊ ရေငန်ချေ၊ ဖလောင်းပြင်၊ ကန်ချောင်၊ မြောင်ချောင်း၊ ကျောက်ခုတ်၊ ခမောင်းတော၊ ဝက်ခေါင်း စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူတွေအနေဲ့ ဆေးဝါးမလုံလောက်မှု၊ စားနပ်ရိက္ခာ လိုအပ်မှု အပါအဝင် ပညာရေးဝန်ထမ်းတွေ သွားလာရအခက်ခဲတွေ ကြုံခဲ့ကြရပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ကုန်းလမ်း၊ ရေလမ်းတချို့ကို ပြန်ဖွင့်ပေးပြီး  လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးနဲ့ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေပေမဲ့ လူထုကိုတော့ ရိက္ခာနဲ့ ဆေးဝါး သယ်ယူခွင့် ကန့်သတ်ထားတာမျိုး မဖြစ်သင့်ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ) တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးတဲ့နောက် အောက်တိုဘာ ၂ ရက်ကစလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ အဲဒီတံတားကို ပိတ်ဆို့ထားတာလို့ သိရပြီး အခုလည်း စစ်အင်အား တိုးချနေတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ နိုဝင်ဘာ ၂၆ ရက်ကစလို့ အပစ်ရပ်စဲထားပေမယ့် ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာတော့ မင်းပြားမြို့နယ် အခြေစိုက် တိုင်းဗဟို (၉)က လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ခဲ့သလို စစ်ကား ၁၆ စီးနဲ့ ​မြောက်ဦးမြို့ကို ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024