ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာကို ဒီဇင်ဘာ ၆ ရက် ည ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)၊ KGZ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့ဆုတ်ခွာပေးခဲ့ရတဲ့ ကုန်းသာကျေးရွာကို အင်အားအများအပြားနဲ့ ပြန်လည်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦး ပျောက်ဆုံးနေတယ်လို့ KRU က ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း KRU ရဲဘော်တွေထောင်ထားတဲ့မိုင်းနင်းမိပြီး စစ်ကောင်စီတပ်ဖွင့်ဝင် ၄ ဦး သေဆုံးကာ ဒဏ်ရာရသူ များပြားခဲ့တဲ့အပြင် အနီးကပ်ပစ်ခတ်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း KRU ရဲဘော် ၅ ဦး ပျောက်ဆုံးနေတာကြောင့် ရှာဖွေမှုတွေ ပြုလုပ်ခဲ့ရာ ဒဏ်ရာရထားတဲ့ ရဲဘော် ၄ ဦးကို ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်ရဲဘော် ၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်လို့ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က စစ်ကောင်စီတပ် ထိန်းချုပ်တပ်စွဲထားတဲ့ ကုန်းသာကျေးရွာ အတွင်းရှိ နယ်မြေတွေကို KRU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လူအင်အား၊ လက်နက်အင်အား မမျှတလို့ အနည်းငယ် ဆုတ်ခွာပေးလိုက်ရပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် လက်နက်ခဲယမ်းတွေ ကူညီပေးကြဖို့ KRU က တောင်းဆိုထားပါတယ်။