မြန်မာ့ပြောင်းဆန် ပုံမှန် သင်္ဘောတင်ရောင်းချတာအပြင် တရုတ်နယ်စပ်အရောင်းအဝယ်ပါ လှုပ်ခတ်လာတာကြောင့် နိုဝင်ဘာတလလုံး ဈေးကောင်းရရှိခဲ့ရာကနေ အခုအခါ ဈေးအနည်းငယ် ပြန်ကျဆင်းလာပါတယ်။
မြန်မာပြောင်းဆန်ဈေးနှုန်းက ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ အမြင့်ဆုံးဈေး တပိဿာကို ၁,၁၈၀ ကျပ်အထိ ရောက်ရှိခဲ့ပြီး အခုအခါ တပိဿာကို အနိမ့်ဆုံးဈေး ကျပ် ၁,၁၄၀ ကနေ အမြင့်ဆုံး ၁,၁၆၀ ကြားမှာသာ အရောင်းအဝယ် ဖြစ်နေတယ်လို့ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးနှုန်းအရ သိရပါတယ်။
ပြောင်းကုန်သည်တဦးက “ဒီဇင်ဘာ ဝင်တာနဲ့ ပြောင်းဈေး နည်းနည်းကျတယ်။ တရုတ်နယ်စပ်နဲ့ ရန်ကုန်သင်္ဘောတင် အပြိုင်ဖြစ်လာတာကြောင့် အရင် နိုဝင်ဘာလ တလလုံးက ပြောင်းဈေးကောင်းခဲ့တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဘိန်းအစားထိုးသီးနှံပါမစ်နဲ့ ချင်းရွှေဟော် နယ်စပ်လမ်းကြောင်းကတဆင့် တရုတ်နိုင်ငံကို ပြောင်းဆန် တင်ပို့ရောင်းချနေတာဖြစ်ပြီး ပုံမှန်တင်ပို့ရောင်းချတဲ့ ပြောင်းဆန်တွေထက် အခွန်နှုန်းထား သက်သာတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
မြန်မာ-တရုတ် နယ်စပ်ဒေသတွေက စိုက်ပျိုးထွက်ရှိတဲ့ ပြောင်းတွေကို ဘိန်းအစားထိုးအနေနဲ့ တရုတ်နိုင်ငံက နှစ်စဥ်ဝယ်ယူနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ တရုတ်ဘက်ကို ဘိန်းအစားထိုးသီးနှံပါမစ်နဲ့ မြန်မာ့ပြောင်းဆန် တန်ချိန် ၅,၀၀၀ ကျော်ထိ တင်ပို့ခဲ့တယ်လို့ ပြည်တွင်း ပြောင်းလုပ်ငန်း အသိုင်းအဝိုင်းက သိရပါတယ်။
ပြောင်းလုပ်ငန်းရှင်တဦးက “ကိုတာစနစ်နဲ့ရောင်းမှ အခွန်သက်သာမှာ။ ပုံမှန် တရုတ်ပြည်ကို ပြောင်းရောင်းရင် အခွန်က ရာခိုင်နှုန်း တော်တော်များများပေးရတော့ ကိုတာအရောင်းကိုပဲ ကြိုက်ကြတယ်။ ကိုတာသတ်မှတ်ချက် ကုန်ရင်တော့ တရုတ်နယ်စပ်လမ်းလည်း အခြေအနေ မကောင်းနိုင်ဘူး” လို့ သုံးသပ် ပြောပါတယ်။
ဒါ့အပြင် အခုနှစ်မှာ မြန်မာနိုင်ငံက ပြောင်းကို တရုတ်နိုင်ငံက တရားဝင် တင်သွင်းခွင့် ပြုထားပေမဲ့လည်း စောင့်ကြည့်အဆင့်မှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကို ပြောင်းတင်ပို့တာကလည်း လက်ရှိမှာ အခွန်လွတ်တင်ပို့ခွင့်ကာလ ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။
မြန်မာ့ပြောင်းဆန်တွေကို ထိုင်းနိုင်ငံဘက် တင်ပို့ရာမှာ နှစ်နိုင်ငံသဘောတူညီချက်အရ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၃၁ ရက်နေ့အထိ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ရရှိထားတာ ဖြစ်ပါတယ်။
နှစ်စဉ် စက်တင်ဘာလကနေ ဇန်နဝါရီလ အထိက အခွန်နှုန်းထား များတာကြောင့် ထိုင်းနိုင်ငံကို ပြောင်းတင်ပို့မှုတွေ ရပ်နားထားကြတာ ဖြစ်ပါတယ်။
ပြောင်းကုန်သည်တဦးက “ဒီချိန်မှာတော့ ထိုင်းနယ်စပ် ပြောင်းတင်ပို့တာက အေးသွားပြီ။ တင်ပို့မှု မရှိသလောက် ဖြစ်သွားတယ်။ တရုတ်နယ်စပ်ဘက်ကျတာ့ အခုချိန်မှာ ဟိုးတုန်းကထက်စာရင် နည်းနည်းလေး အသက်ဝင်လာတယ်” လို့ ပြောပါတယ်။
အခုနှစ်မှာ ထိုင်းနိုင်ငံက မြန်မာ့ပြောင်းဆန် အများဆုံးဝယ်ယူတဲ့ နိုင်ငံအဖြစ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့ အခွန်လွတ်တင်ပို့ရာသီမှာ စျေးကောင်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာ့ပြောင်းဆန်ကို ထိုင်းနဲ့ တရုတ်နိုင်ငံတို့က နယ်စပ်လမ်းကြောင်းကနေ ဝယ်ယူနေတာ ဖြစ်ပြီးတော့ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့က ပင်လယ်ရေကြောင်း ကုန်သွယ်ရေးက တဆင့် ဝယ်ယူနေတာ ဖြစ်ပါတယ်။