၂၀၂၂-၂၃ အခုပညာသင်နှစ်မှာ ကျောင်းသားကျောင်းသူ ၇ သန်းကျော် ကျောင်းတက်ပေမဲ့ ပုံမှန်စာသင်နှစ်ထက်စာရင် ကျောင်းသားကျောင်းသူ ၃ သန်းလောက်ကတော့ ပညာသင်ခွင့် ဆုံးရှုံးခဲ့ရတယ်လို့ စစ်ကောင်စီ ပညာရေးဌာနက သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဇွန်လမှာ အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်လှစ်ခဲ့ရာ နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေတွေကြောင့် ကျောင်းတက်နှုန်းဟာ ၃ သန်းကျော်လောက်ပဲ ရှိခဲ့ပေမဲ့ ၂၀၂၂ ဇွန်လမှာတော့ ကျောင်းအပ်နှုန်းတွေနဲ့ ကျောင်းတက်နှုန်းတွေ ပြန်လည်မြင့်မားလာတယ်လို့ စစ်ကောင်စီ ပညာရေးဌာနမှ အရာရှိတဦးက ပြောပါတယ်။
ဒါ့အပြင် လာမယ့်နှစ်မှာလည်း ကျောင်းတက်နှုန်းတွေက ပုံမှန်စာသင်နှစ်တွေအတိုင်း ကျောင်းတက်နှုန်း မြင့်မားလာနိုင်ပြီး စာသင်နှစ်အလိုက် ဖွင့်လှစ်လေ့ရှိတဲ့ ကျောင်းပြင်ပ ပညာရေး၊ စာတတ်မြောက်ရေး စီမံကိန်းတွေလည်း စီမံချက်နဲ့ လုပ်ဆောင်လို့ရမယ့် အခြေအနေ ရှိတယ်လို့ ဆိုပါတယ်။
အခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၆ ရက်ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ကျောင်းအပ်နှံခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ ၅ သန်းကျော်ခဲ့ပြီး ပညာသင်နှစ်ဝက်ရောက်ရှိချိန်မှာ ၇ သန်းကျော်အထိ ရှိလာတယ်လို့ ပညာရေးဝန်ကြီးဌာနဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းအပ်နှုန်းတွေ မြင့်မားလာပေမဲ့ စစ်ပွဲတွေဖြစ်ပေါ်နေတဲ့ စစ်ကိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တွေက ကျောင်းအပ်နှုန်းတွေကတော့ လျော့ကျနေဆဲဖြစ်တယ်လို့ စစ်ကောင်စီ ပညာရေးဌာန အရာရှိက ဆိုပါတယ်၊။
မြန်မာနိုင်ငံတဝန်းမှာ စစ်ကျွန်ပညာရေးကို သပိတ်မှောက်တဲ့နေနဲ့ သန်းနဲ့ချီတဲ့ ကျောင်းသူကျောင်း သားတွေက စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေမှာ ဆက်မတက်ကြတာရှိသလို ကျောင်းဆရာ ဆရာမတွေကလည်း အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်နေကြပါတယ်။