စစ်ကောင်စီကြေညာထားသလို ပုဇွန်တောင်ဘူတာလုယက်မှုအား ကျူးလွန်ခဲ့တာမဟုတ်ဘဲ မစ်ရှင်တခုလုပ်ဖို့ စီစဉ်နေစဉ် တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရတာလို့ မြိုပြပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြိုနယ် ပုဇွန်တောင်ဘူတာရုံးခန်းမှာ ရုံစာရေးဆီကနေ ဆိုင်ခန်းခကောက်ခံငွေနဲ့ ရထားလက်မှတ်ရောင်းရငွေ ကျပ်သိန်း ၂၀၀ ကျော် သေနတ်ပြလုယက်ခဲ့တဲ့ မြိုပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတဲ့အပေါ် အခုလို တုံ့ပြန်လိုက်တာပါ။
ဗဟန်းမြိုနယ်၊ ရေတာရှည်ရပ်ကွက်၊ ရေတာရှည်လမ်းဟောင်းက လက်ဖက်ရည်ဆိုင်မှာ ၃ ဦး၊ ဒဂုံဆိပ် ကမ်းမြိုနယ်၊ ဧရာချမ်းသာကွန်ဒိုမှာ၂ ဦး၊ ပုဇွန်တောင်ဘူတာစာရေး ၁ ဦး စုစုပေါင်း အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးတိုကို ပုဇွန်တောင်ဘူတာ ရုံးခန်းအတွင်း ဝင်ရောက်ဓားပြတိုက်လုယက်သူတွေဆိုပြီး စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့တာပါ။
ဝိမုတ္တိ မြိုပြပြောက်ကျားအဖွဲတာဝန်ရှိသူက “အားလုံးက ကျနော်တို့ ရဲဘော်တွေပါ။ ကျနော်တိုအဖွဲ့ မစ်ရှင်တခုလုပ်ဖို လိုအပ်တာတွေ လုပ်ဆောင်နေတုန်းမှာ ဖမ်းဆီးခံကြရတာပါ၊ သူတို့ ထုတ်ပြန်ထားတဲ့ ဖြစ်စဉ်နဲ့ ကျနော်တို ရဲဘော်တွေနဲ့ လုံးဝ သက်ဆိုင်မှု မရှိပါဘူး” လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြိုပြပြောက်ကျားတပ်ဖွဲ့ မြောက်ဥက္ကလာပ ပကဖ ရဲ့ စစ်ရေးတာဝန်ခံ ဗိုလ်မုန်တိုင်းက "လူငယ်တွေ ဖမ်းဆီးခံရတာတော့ စိတ်မကောင်းပါဘူး၊ ကျနော်တို့ ဆက်တော်လှန်နေမှာပါ၊ နောက်ပိုင်း စကစ ဒေါက်တိုင်ဖြစ်တဲ့ ဘီယာဆိုင် ကလပ်၊ ဘားတွေ၊ စကစကို ငွေကြေးထောက်ပံ့နေတဲ့ ဘယ်အရာမဆို တိုက်ခိုက်သွားပါမယ်။ ကျနော်တို့ သူခိုးဓားပြအလုပ်တော့ မလုပ်ပါဘူး။ တောင်ညွန့်ကိစ္စဆို ဖြစ်တဲ့ နေရာနားမှာတင် စကစ တွေ အများကြီးရှိနေပါတယ်။ ဘယ်က လုပ်သလဲ၊ ထမင်းစားပြီး ကြီးပြင်းတဲ့ လူတိုင်း သိမှာပါ" လို့ ပြောပါတယ်။
ဝိမုတ္တိမြိုပြပြောက်ကျားအဖွဲဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က ရန်ကုန်၊ သင်္ဃန်းကျွန်းမြိုနယ် စံပြဈေးနားက စစ်ကောင်စီတပ်စွဲထားတဲ့ ဘန်ကာတခုနဲ့ ဇူလိုင် ၃ ရက်နေ့က တာမွေမြိုနယ်၊ ကျားကွက်သစ် ရပ်ကွက်ရုံးတို့ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။